Main menu

ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနေသော(ကျွန်း)စားတော်ပဲ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်ကိုင်းကျွန်းမြေများတွင် ကြက်သွန်နီသီးနှံအပြင် ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံကို နှစ်စဉ် ဒေသစီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။ ဆောင်းသီးနှံစားတော်ပဲကို ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ဆိပ်ဖြူမြို့ပေါ် (၄)ရပ်ကွက်နှင့် ရေလယ်ကျွန်း၊ ကိုးထောင့်၊ သံဇလုံ၊ ပဒေသာကျွန်း၊ ရွာသာအေးနှင့် နီးစပ်ရာကျေးရွာတို့တွင် နှစ်စဉ် မြေပဲခင်းများတွင် သီးညှပ်အနေဖြင့်လည်းကောင်း၊ သီးသန့်စိုက်ခင်း အဖြစ်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် ဧရာဝတီမြစ်ဝမြေနုကျွန်းများတွင် သဲနုန်းမြေ များမှာ မြစ်ရေကျချိန်တွင် စိုက်ခင်းများအတွင်း မြေသားတင်မှုများပြားခြင်းကြောင့် စားတော်ပဲစိုက် တောင်သူများ နှစ်စဉ်ထက်များ၍ စိုက်ဧကများလည်း တိုးချဲ့စိုက်ပျိုးမှုများကြောင်း၊ ယခုနှစ်သံဇလုံ ကျေးရွာနှင့်ဆက်စပ်လျက်ရှိသော ကျေးရွာများအပါအဝင် စိုက်ဧက(၁၀၀၀)ဝန်းကျင်ခန့် သီးညှပ်/ သီးသန့်အဖြစ် စိုက်ပျိုးကြောင်း သိရသည်။ ယခုနှစ်စိုက်ပျိုးရာတွင် ရေသွင်း(၁)လက်မခွဲ ပိုက်တန်း၍ ရေမွှားရေပန်းစနစ်ဖြင့် စိုက်ပျိုးခြင်းနှင့် ရိုးရိုးကျဲပက်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ စားတော်ပဲကို တန်ဆောင်းမုန်းလဆန်းတွင်  စတင်ကျဲပက်စိုက်ပျိုး၍ တပေါင်းလကုန်တွင် ရိတ်သိမ်းကြောင်း၊ စိုက်ပင်သက်တမ်းကာလမှာ (၃)လခွဲခန့်ကြာမြင့်ကြောင်း သိရှိရသည်။

     ဆိပ်ဖြူမြို့နယ် သံဇလုံကျေးရွာရှိတောင်သူတစ်ဦးသည် ယခုနှစ်တွင် သီးသန့်(၂)ဧကခန့် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာတွင် စားတော်ပဲမျိုးစေ့ (၂)တင်း(၈)ပြည်ခန့် ကုန်ကျကြောင်း၊ ယခုနှစ်စားတော်ပဲမျိုးစေ့ (၁)တင်းလျှင် ကျပ်(၁၆၀၀၀၀)ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နွားဖြင့်ထွန်ကြောင်းဆွဲပြီး စိုက်ပျိုးခြင်းမဟုတ်ဘဲ ကျဲပက်စနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ် ကြောင်း သိရသည်။ နုန်းသဲမြေများပါရှိ၍ မြေသားကောင်းမွန်ခြင်း၊ ရာသီဥတုအနေအထား ကောင်းမွန်ခြင်းနှင့် သီးနှံဖျက်ပိုးကျရောက်မှုနည်းပါးခြင်းတို့ကြောင့် အထွက်နှုန်းမှာ သင့်တင့်မျှတမှု ရှိ၍ ထွက်ရှိသော စားတော်ပဲများမှာလည်း အောင်မြင်ပြီး အလေအလွင့်နည်းပါးကြောင်း၊ စိုက်ပျိုး မြေမှာ နုန်းသဲမြေ မြေအောက်အစိုဓါတ်များ၍ ရေသွင်းရန်မလိုအပ်၍ ကုန်ကျစရိတ်သက်သာ ကြောင်း၊ သဘာဝမြေသားပေါ်တွင် စိုက်ပျိုးသောတောင်သူများအနေဖြင့် ရေအကြိမ်ကြိမ်ပေးသွင်း စိုက်ပျိုးရ၍ ကုန်ကျစရိတ်ပိုမိုကြီးမြင့်ကြောင်း သိရှိရသည်။

    ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၅ခုနှစ် တောင်သူများ သီးနှံပေါ်ချိန်မတ်လကုန် ဧပြီ လဆန်းတွင် ပြည်တွင်းပဲ ဈေးကွက်တွင် ပဲမျိုးစုံအနက်မှ စားတော်ပဲသီးနှံသည် ဈေးအမြင့်ဆုံးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ် သီးနှံပေါ်စရောင်းချချိန်တွင် ကျွန်းစားတော်ပဲ(၁)တင်း လျှင် ကျပ်(၁၁၀၀၀၀)ဈေးနှုန်းဖြင့် ရောင်းချခဲ့ရပြီး ယခုနှစ်တွင် ကျပ်(၁၂၅၀၀၀)ဖြင့် ရောင်းချခဲ့ရ၍ ဈေးနှုန်းမှာ ကျပ်(၁၅၀၀၀)ခန့် မြင့်တက်ခဲ့ကြောင်း၊ သံဇလုံကျေးရွာမှ ထွက်ရှိသော ကျွန်းစားတော်ပဲ များကို ချောက်မြို့(ဧဝမ်း)ပွဲရုံသို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ ကုန်ကျစရိန်အနေ ဖြင့် စားတော်ပဲသီးနှံစိုက်ပျိုးရာတွင် အလုပ်သမားငှားရမ်းခ ကုန်ကျစရိတ်နည်းပါးခြင်းကြောင့် (၂)ဧက စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခ၊ မျိုးစေ့ဝယ်ယူခ၊ အလုပ်သမားငှားရမ်းခ၊ သွင်းအားစု အမျိုးမျိုးနှင့် ပိုးသတ်ဆေးဝယ်ယူခ စုစုပေါင်းကုန်ကျစရိတ်မှာ(၇)သိန်းခန့် ကုန်ကျကြောင်း၊ မိမိတို့ မိသားစုဝင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြစ်ပါ၍ ကုန်ကျစရိတ်နည်းပါးကြောင်း၊ ရေသွင်းစနစ်ဖြင့် စိုက်ပျိုးသောတောင်သူများတွင် ကုန်ကျစရိတ်မှာ ပိုမိုကုန်ကျကြောင်း သိရသည်။ ယခုနှစ် အထွက်တင်းမှာ (၁)ဧကလျှင် ပျမ်းမျှ(၇)တင်းခန့် (၂)ဧကစိုက်ပျိုးထား၍ (၁၄)တင်းခန့် ထွက်ရှိပြီး (၁)တင်းလျှင် ကျပ်(၁၂၅၀၀၀)ဈေးနှုန်းဖြင့် ရောင်းချရ၍ ဝင်ငွေမှာ (၁၈)သိန်းခန့်ရရှိပြီး အကျိုး အမြတ်ရရှိအနေဖြင့် ကျပ်(၁၁)သိန်းခန့်ရရှိကြောင်း၊ ယခင်နှစ်ထက်သိသိသာသာ ဝင်ငွေပိုမိုရရှိ၍ စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း တောင်သူ၏ ပြောကြားချက်အရ သိရှိရသည်။

      ဆောင်းသီးနှံကျွန်းစားတော်ပဲသည် ဧရာဝတီမြစ်ရိုးတစ်လျှောက် မြေနုကျွန်းများတွင် အများ ဆုံးစိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးမှုပဲများတွင် တစ်မျိုးအပါအဝင်ဖြစ်ပြီး စားသုံးရာတွင်လည်း အရသာအကောင်းဆုံးပဲတစ်မျိုး ဖြစ်ပါသည်။ ပြည်တွင်း၌ စားသုံးမှုများပြားပြီး စိုက်ပျိုးထုတ်လုပ်မှု စိုက်ဧကနည်းပါး၍ စားသုံးမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှ ဝယ်ယူသုံးစွဲနေရခြင်းဖြစ်ပါ၍ ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနေသည့် ကျွန်းစားတော်ပဲကို သင့်တော်သည့် စိုက်ပျိုးမြေ ရှိသည့် တောင်သူများအနေဖြင့် နှစ်စဉ်တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)