စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ဇွန်လ (၁၇) ရက်နေ့ ၊ နေ့လည်ပိုင်းတွင် ဒိုက်ဦးမြို့နယ် ဆီလုပ်ငန်းရှင် ဦးအောင်လွင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် အမှတ် ၁/၂၀၂၁ နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးပြီး စားအုန်းဆီ ဖြန့်ဖြူးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဒိုက်ဦးမြို့နယ်တာဝန်ခံက မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့မှ အမိန့်ကြော်ငြာစာအမှတ် ၅၂၄/၂၀၂၁ ဖြင့် အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်များနှင့် အမှတ်တံဆိပ်ပါ စားသုံးဆီများကို ထိန်းချုပ် အစားအသောက်အဖြစ်သတ်မှတ်ခြင်းများကို လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ အရ စားသုံးသူများ တင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီများနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ သယ်ယူပို့ဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)