
မအူပင်ခရိုင် မြို့နယ်များတွင် လယ်ယာထွက်ကုန်သီးနှံ မိုး၊ ဆောင်းသီးနှံများကို နှစ်စဉ်စိုက်ပျိုး လျှက်ရှိသည်။ မိုးသီးနှံ စိုက်ဧက ခရိုင်အနေဖြင့် စပါးပေါင်း ၆၁၁၄၀၉ ဧက စိုက်ပျိုးပြီး ဆောင်းသီးနှံစုံအနေဖြင့် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ၊ အခြားသီးနှံစုံ (၂၇) မျိုးကို ၅၇၂၀၄၉ ဧက စိုက်ပျိုးကြောင်း မြို့နယ် မြေစာရင်းများအရသိရသည်။ ပိုက်ဆံလျှော်ကို စိုက်ဧက (၄၄၀၀)ဧက စိုက်ပျိုးပြီး ပန်းတနော်မြို့နယ်အနေဖြင့် စိုက်ဧက (၁၃၅၀) ဧက စိုက်ပျိုးထားကြောင်း သိရသည်။
သက်ဆိုင်ရာဌာနများ ပူးပေါင်းသောအဖွဲ့ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စားသုံးသူရေး ရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ပါဝင်ကြပြီး ၂၀၂၅ခုနှစ် မေလ ၂ ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်က ပန်းတနော်မြို့နယ်၊ဘဝိုင်းကျေးရွာအုပ်စု၊ကွင်းအမှတ် ၄၆၃၊ ဦးပိုင် ၂၇ ရှိ ဒေါ်ယဥ်ဌေးပါ တောင်သူ ၄ ဦးတို့၏ မြေ ၁၀ ဧက အား ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ပေးအပ်ထောက်ပံခြင်းနှင့် ကြဲပက်ခြင်းအသိပညာပေး လှုပ်ရှားဆောင်ရွက်မှုများပြုလုပ်ခဲ့ကြသည်။
စိုက်ပျိုးသူတောင်သူများကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာပင်များသည် မြေဆီလွှာ၏ အရည်အသွေးကို တိုးတက်စေရုံသာမက ပိုက်ဆံလျှော်ပင်သည် ပေါင်းပင်များပေါ်မှ အုပ်မိုးကြီးထွား လေ့ရှိသဖြင့် ပေါင်းပေါက်ရောက်မှု လျော့ပါးစေခြင်း၊ မြေတွင်းသို့ အခြားသဘာဝမြေဩဇာများ (မြေဆွေး၊ နွားချေး) များ လိုက်လံ ထည့်ပေးရသည်ထက် လုပ်အားခသက်သာခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်း၊ ဓာတ်မြေဩဇာသုံးစွဲမှုကို လျော့နည်းစေကာ ကုန်ကျစရိတ်သက်သာစေခြင်း၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ပေးခြင်းစသော အကျိုးကျေးဇူးများ ရရှိစေသောကြောင့် တောင်သူများစိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်း အသိပညာ ပေးပြော ကြားခဲ့ကြောင်း သိရသည်။
DOCA {ဧရာဝတီ)