
၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနတို့နှင့် ပူးပေါင်းကာ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာရှိ သစ်လွင်မိုးသောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် သစ်လွင်မိုးသောက်ရေသန့်သည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလဲ သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုအဆင့်တိုင်း စနစ်တကျထုတ်လုပ်ရန်၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းများဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။
DOCA(ရှမ်း)