စားသုံးသူရေးရာဦးစီးဌာန၏ စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ဆင့်ပွားသင်တန်း (၂/၂၀၂၂)အား ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါဆင့်ပွားသင်တန်းသည် ရုံးချုပ်၌ ၂၀၂၂ခုနှစ် မေလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့ထိ ပြည်နယ်/တိုင်းများမှ စစ်ဆေးရေးအရာရှိများ၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တွေ့ကြုံရသည့် အခြေအနေအခက်အခဲများအား အချင်းချင်းဖလှယ်စေခြင်းနှင့် အပြန်အလှန်ဆွေးနွေးစေခြင်းမှ ရရှိလာသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများကို တိုင်းဒေသကြီးရှိအရာထမ်း/ အမှုထမ်းများအား ပြန်လည်မျှဝေပေးသည့် ဆင့်ပွားသင်တန်းဖြစ်ပြီး စစ်ဆေးရေးမှူးများ လုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား တက်ရောက်ခဲ့ကြသည့် အရာထမ်း/ အမှုထမ်း(Inspector) များမှ ပြန်လည်ဆင့်ပွားပို့ချပေးခြင်းဖြစ်ပါသည်။ အဆိုပါဆင့်ပွားသင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာလုပ်ငန်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ Product Recall & Ban၊ Role of Inspector၊ Methodology of Risk Assessment၊ အာဆီယံစားသုံးသူကာကွယ်ရေးဆိုင်ရာ ကော်မတီအကြောင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆင့်ပွားဆွေးနွေး ပို့ချခဲ့ပြီး တက်ရောက်ခဲ့သည့် စစ်ဆေးရေးမှူးများမှ သိရှိလိုသောအချက်များမေးမြန်းမှုများအား ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့် ဌာနခွဲတာဝန်ခံများ အရာထမ်း/ အမှုထမ်းများ စုစုပေါင်း(၄၃)ဦးတက်ရောက်ခဲ့ပါသည်။သင်တန်းတွင် Inspector များဖြစ်ကြသည့် ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူခိုင်၊ ဒု-ဦးစီးမှူး ဦးအောင်ဖြိုးဝေ၊ ဦးဆယ်မောင်၊ ဒေါ်နွဲ့ယဉ်ဝင်းနှင့် ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေတို့က ရုံးချုပ်၊ အလုပ်ရုံဆွေးနွေးပွဲမှရရှိသော အတွေ့အကြုံနှင့်သင်ခန်းစာများအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဦးစီးမှူးမှလည်း စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များနှင့် ပတ်သက်၍ လွယ်ကူစွာလေ့လာမှတ်သား ကျက်မှတ်နိုင်မည့်နည်းလမ်းများအား ထပ်ဆင့်သင်ကြားပို့ချခဲ့ပါသည်။ သင်တန်းကာလမှာ (၇.၇.၂၀၂၂)ရက်နေ့မှ (၈.၇.၂၀၂၂)ရက်နေ့အထိ (၂)ရက်တာသင်တန်းဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)