
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးသည်၂၀၂၅ခုနှစ်၊ ဧပြီလ(၂၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအမျိုးမျိုး ရောင်းချနေသော ကုန်စုံဆိုင် များသို့ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ သက်ဆို်ငရာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး ထိုသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသည့် Cook၊ Good Choice၊ ရွှေအုံ၊ Fortune၊ အမေထွား၊ ပွင့်ဖြူ၊ အေးသူဇာ၊ ငွေလဝင်း၊ Meizan၊ ပုဇွန်နှစ်ကောင်၊ ပုဂံညောင်ဦး၊ 828 စသည့် အမှတ်တံဆိပ်စားသုံးဆီများရောင်းချနေသည် ကိုစစ်ဆေးတွေ့ရှိရပြီး ၎င်းအမှတ်တံဆိပ်များထဲမှ Cook၊ 828၊ Fortune အမှတ်တံဆိပ် စားသုံး ဆီများသည် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကျန်အမှတ်တံဆိပ်များမှာ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
ဆက်လက်၍ ဈေးကွက်အတွင်းစားသုံးဆီများရောင်းချနေသော ကုန်စုံဆိုင်ပိုင်ရှင်များ အနေဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် စားသုံးဆီဘူးများတွင် ပင်ရင်းပါဝင်ပစ္စည်း များကိုအခြေခံသော ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့်ဖော်ပြထားပြီး ကုန်စည် များ၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ဖြင့် တိကျစွာဖော်ပြထားသည့် စားသုံးဆီဘူးများကိုသာ တင်သွင်းရောင်းချကြရန်၊ သက်ဆိုင်ရာ ဌာန၏ ထောက်ခံချက်ပါရှိသော စားသုံးဆီဘူးများကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော စားသုံးဆီအမှတ်တံဆိပ်များအား နောင်တွင်ဆက်လက် ရောင်းချခြင်းမပြုရန်သတိပေးဆောင်ရွက်ခဲ့ပြီး စီးပွားရေး လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)