စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ (၁၃.၇.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးနှင့် အနောက်ပိုင်းရပ်ကွက်အတွင်းရှိ စားသောက်ကုန်ရောင်းချသည့် ကုန်စုံဆိုင်(၇)ဆိုင်တို့တွင် မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသည့် အစား အသောက်အမှတ်တံဆိပ်(၁၀)မျိုးအား ရောင်းချခြင်းရှိ/မရှိအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစားအသောက်အမှတ်တံဆိပ်(၁၀)မျိုးမှ "ပင်မှည့်" အမှတ်တံဆိပ် မန်ကျည်းယိုအား ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ကုန်စုံဆိုင်(၁)ဆိုင်တွင် ရောင်းချနေသည်ကို တွေ့ရှိခဲ့ရသဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိမ်းဆည်းခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ၏ညွှန်ကြားချက်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်း ဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့မဟုတ်) အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်း ကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှု မရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီးဌာနနှင့် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့်အချက်များအား အသေးစိတ် ရှင်းလင်းဆွေးနွေး ခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)