
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိနှင့် အထက်ဌာန၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
ရွှေဘိုခရိုင်အနေဖြင့် (၅/၂၀၂၅)လအတွင်း ဒု-ခရိုင်ဦးစီးမှူးမှဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၇) ရပ်ကွက်၊ စည်ပင်သာယာဈေးတောင်ဘက်ရှိ စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်း ဆိုင်(၇)ဆိုင်အားလည်းကောင်း၊ အမှတ်(၁၀)ရပ်ကွက်ရှိ ရွှေလင်းအိမ် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ ဝေဝေထွန်းကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ ပစ်တိုင်းထောင်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါအကြောင်းများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)