Main menu

နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခြင်း

Powered by Drupal

          ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံး၌ ၂၀-၇-၂၀၂၂ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

          အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာန၊ နေပြည်တော်ဦးစီးမှူး ဒေါက်တာဇော်လွင်က ပြည်သူများအနေဖြင့် စားသုံးဆီများကို ဈေးနှုန်းသက်သာ စွာဝယ်ယူနိုင်ရေးအတွက် နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီလုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်အထိုင်ဈေးအပေါ်တွင် အထွေထွေကုန်ကျစရိတ်ထပ်ပေါင်းပြီး၊ (၂%)ထက်မပိုသော အမြတ်ဖြင့်ရောင်းချပေးရမှာဖြစ်ကြောင်း၊ လက်လီဆိုင်များအနေဖြင့် ရန်ကုန်အထိုင်ဈေးနှုန်းပေါ်တွင် (၁၀%)ထက်မပိုသောအမြတ်ဖြင့် ရောင်းချ‌ပေးရမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကားများဖြင့် ရပ်ကွက်၊ ကျေးရွာများအရောက် ရောင်းချပေးစေလိုကြောင်း၊ လုပ်ငန်းရှင်များ၏ ဆီလိုအပ်ချက်များကို ရုံးချုပ်သို့ ဆက်လက် တင်ပြဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မိမိတို့လိုအပ်ချက်များကို အမြန်ဆုံးတွက်ချက် တင်ပြပေးစေလိုကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း ကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဆီလုပ်ငန်းရှင်အဖွဲ့ဝင်များ၏ ဆီလိုအပ်ချက်ပမာဏကို အထက်ဌာနအဆင့်ဆင့်သို့ ပေးပို့ တင်ပြသွားမှာဖြစ်ပါကြောင်း၊ ဒုတိယတိုင်းဦးစီးမှူး ဦးခင်မောင်ဆွေမှ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ ညွှန်ကြားချက်၊ လမ်းညွှန်ချက်များအရ နယ်လှည့်အရောင်းဈေးကားများ စီစဥ်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အခြေခံလူတန်းစားများအား ဖြန့်ဝေရောင်းချပေးနိုင်ရေး အဖွဲ့ဝင်များအနေဖြင့် ဆောင်ရွက်မည့်အစီအစဥ်များအား ဆွေးနွေးပေးပါရန် ပြောကြားခဲ့ပါသည်။

          စားသုံးဆီဖြန့်ဖြူးရောင်းချရာတွင် နေပြည်တော်မြို့မဈေး၊ အေလာဈေး၊ ပျဥ်းမနားဈေးနှင့် တပ်ကုန်းဈေးများတွင် ရောင်းချမှုအဆင်ပြေသော်လည်း အထူးဈေးနှုန်းဖြင့် (၃)ရက်ထက် ပိုမရောင်း နိုင်ဘဲ အထူးဈေးနှုန်းဖြင့် နေ့စဥ်ပုံမှန်ရောင်းချနိုင်ရေး၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ဈေးတစ် ဈေးမှာ (၂)ဆိုင်နှုန်းဖြစ်ဖြစ် လက်လီဈေးနှုန်းမှာ အမြတ်(၁၀%)အထိ လက်ခံလျက်ရှိပါသည်။

          နေပြည်တော် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ကိုထက်မှ မြန်မာ နိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ၁၇-၇-၂၀၂၂ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက် အရ မိမိအနေဖြင့် ၁၈-၇-၂၀၂၂ ရက်နေ့၌ နယ်လှည့်ဈေးကား(၄)စီးဖြင့် စားသုံးသူလက်ဝယ်အရောက် တစ်ဦးလျှင် တစ်ပိဿာနှုန်းကို အထူးဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် အဖွဲ့ဝင်များအနေဖြင့် ဈေးကားများ လှည့်လည်ရောင်းချနိုင်ရေးအတွက် လိုအပ်သော ဆီပမာဏများအား ရရှိနိုင်ရန် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဒေါက်တာဇော်လွင်မှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားသုံးဆီလိုအပ်ချက် အပြည့်အဝရရှိရေးနှင့် အချိန်မီရောက်ရှိနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အသင်းသူ/သားများအနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြား၍ အစည်းအဝေးကို နေ့လယ်(၁၂း၀၀)တွင် ရပ်နားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)