Main menu

ပြည်ခရိုင်စားသုံးသူရေးရာကော်မတီ၏ပထမအအကြိမ်ပုံမှန်အစည်းအဝေး (၁/၂၀၂၅)ကျင်းပပြုလုပ်ခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက် အောင်မြင်စွာ အကောင်အထည် ပေါ်ဆောင်ရွက်နိုင်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား အငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များနှင့် စားသုံးသူ ထိခိုက်နစ်နာဆုံးရှုံးမှုများအား အောင်မြင်စွာစေ့စပ်ညှိနှိုင်း ဖြေရှင်းနိုင်ရေး အတွက် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၊ တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူရေးရာကော်မတီနှင့် ခရိုင်စားသုံးသူရေးရာကော်မတီ စသည့်ခရိုင်အဆင့်ဆင့်ထိ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဆောင်ရွက်လျက်ရှိပါသည်။

    ပြည်ခရိုင်စားသုံးသူရေးရာ ကော်မတီ၊ ပထမအကြိမ်ပုံမှန် အစည်းအဝေး(၁/၂၀၂၅)ကို (၁၅.၅.၂၀၂၅)နေ့၊ နံနက် (၁:၀၀)အချိန်တွင် ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ ပြည်ခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှဝန်ထမ်းများ၊ စုစုပေါင်း (၁၁)ဦးတက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌက စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီ အဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုလိုခြင်းဖြစ်သည့်အတွက် ခရိုင်ကော်မတီအနေဖြင့် ပေးအပ်ထားသော လုပ်ပိုင်ခွင့်နှင့်တာဝန်များအတိုင်း ဆောင်ရွက် ရမှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

     ပြည်ခရိုင်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးဖြစ်သူ ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အမှာစာ(၁) (၂၀၂၅)ခုနှစ်၊ ဧပြီလအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ အမှာစာ(၂) ဈေးကွက်မရောက်မီ စက်ရုံ၊ အလုပ်ရုံများသို့ ကုန်အညွှန်းအမှတ်အသား စစ်ဆေးဆောင်ရွက်ခဲ့မှု၊ အမှာစာ(၃) ဈေးကွက် မရောက်မီ စက်ရုံ၊ အလုပ်ရုံများသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စစ်ဆေး ဆောင်ရွက်ခဲ့မှု၊ အမှာစာ(၄) ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဦးစားပေးဝန်ဆောင်မှုကဏ္ဍ(၃)ရပ်နှင့် စပ်လျဉ်း၍ ၂၀၂၅ခုနှစ် ဧပြီလ၌ အစားအသောက်ရောင်းချသည့်ဆိုင်များသို့ ဝန်ဆောင်မှုပိုင်း ဆိုင်ရာအချက်များ စစ်ဆေးဆောင်ရွက်ခဲ့မှု၊ အမှာစာ(၅) လုပ်ငန်းရှင်များမှ ကုန်အညွှန်းဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တင်ပြလာမှုအပေါ် စိစစ်ဆောင်ရွက်ခဲ့မှုနှင့် အမှာစာ(၆) ပြည်ခရိုင် CICCသို့ တိုင်ကြားမှုနှင့်ဖြေရှင်းဆောင်ရွက်ပြီးစီးမှုခဲ့မှု အခြေအနေများအားမှတ်တမ်းတင် အတည်ပြု‌ပေးပါရန် Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။

   ဆက်လက်၍ပြည်ခရိုင်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ အမှာစာများအပေါ် အတည်ပြုဆွေးနွေးခဲ့ကြပြီး ပြည်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခရိုင်တာဝန်ခံက မိမိတို့ FDAဌာနတွင် အမျိုးသားအစားသောက်ဥပဒေပြဌာန်းထားရှိသည့်အတွက် အဆိုပါဥပဒေနှင့်အညီ အစားအသောက်ရောင်းချသည့်ဆိုင်များသို့ စစ်ဆေးရာတွင် ပူးပေါင်းပါဝင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိကိုယ်စား တက်ရောက်လာသူက ပြည်မြို့ပေါ်ရှိကော်ရည်ရောင်းချသည့် အစားအသောက်ဆိုင် တစ်ခုတွင် သန့်ရှင်း မှုအားနည်းသဖြင့် ကော်မတီ၏ ပူးပေါင်းဌာနဆိုင်ရာများအနေဖြင့် အဖွဲ့စုံဖြင့်ဦးစားပေး စောင့်ကြည့် စစ်ဆေးသွားနိုင်ရန် ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြပါသည်။

    ဆက်လက်၍ ပြည်ခရိုင်စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ ခရိုင်အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးက (၂၀၂၅)ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ အစားအသောက် ရောင်းချသည့်ဆိုင်များသို့ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ‌စောင့်ကြည့်စစ်ဆေးရမည်ဖြစ်ရာ ပြည်မြို့ပေါ်ရှိ လိုင်စင်ရ စားသောက်ဆိုင်ကြီးများ၊ လက်ဖက်ရည်ဆိုင်အကြီးများ အား ဦးစားပေး စစ်ဆေး သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ အစားသောက်ရောင်းချသည့် ဆိုင်ကြီးများအနေဖြင့် လိုက်ပါပူပေါင်း ဆောင်ရွက်နိုင်ရန် ကြိုတင်အသိပေးဆောင်ရွက်သွားမှသာ မျှတမှုရှိပြီး လိုက်နာ ဆောင်ရွက်လာမှာဖြစ်ကြောင်း၊ အတည်ပြုရန်အတွက် အမှာစာများတွက်လျာထားချက်ပြည့်မီ အောင်ကျော် လွန် ဆောင်ရွက်နိုင်မှုကို တွေ့ရှိရပါကြောင်း၊ စားသုံးသူအသိပညာဗဟုသုတနှင့်စွမ်းဆောင် ရည်မြင့်မား စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စားသုံးသူရောလုပ်ငန်းရှင်များကိုပါ ကျယ်ကျယ် ပြန့်ပြန့်အသိပညာပေးဆောင်ရွက်သွားရန်လိုအပ်မှာဖြစ်ကြောင်း၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက်လည်း စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကိုအင်တိုက်၊အားတိုက် ဆက်လက် ဆောင်ရွက်သွားရန်လိုအပ်မှာကြောင်းနှင့် ခရိုင်ကော်မတီအဖွဲ့ဝင်များမှ ယခုလို ဝိုင်းဝန်း ဆွေးနွေးပေးသည့်အတွက် အလွန်ဝမ်းမြောက်မိပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားပြီး ပြည်ခရိုင်စားသုံး သူရေးရာကော်မတီ၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးမှ ဆုံးဖြတ်ချက်(၈)ချက် အတည်ပြုဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကို နံနက် (၁၁း၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ပဲခူး)