
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် တာဝန်ခံ သည် (၉.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဈေးကွက်အတွင်းမှ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ပပျောက်စေရေးအတွက် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်း ရှင်းစေရန်အတွက် ဈေးကွက်အတွင်း၌ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် Sprite အချိုရည် (အစိမ်းရောင်)ဘူးများ ရောင်းချခြင်း ရှိ/မရှိ၊ အဆိုပါ Sprite အချိုရည်ဘူးများတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားရှိခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များအား ရောင်းချလျက်ရှိသော ကုန်စည်များ၌ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းအရာ များနှင့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ် အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)