
၂၀၂၅ ခုနှစ်၊ဇွန်လ (၁၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးသန့်ဇင်(ဦးစီးအရာရှိ)သည် မြို့နယ်စည်ပင်သာယာရေးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ပေါ်ဆန်း(YA)၊ အာလူးနှင့်ခရမ်းချဉ်သီးတို့ ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါသည်။ ယင်းသို့ ပေါ်ဆန်း(YA) ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဝယ်ရင်းဈေးမြင့်တက်ခဲ့သောကြောင့်လည်းကောင်း၊ အာလူးနှင့်ခရမ်းချဉ်သီး ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသထွက်များ လက်ကျန်လျော့နည်းလာသော ကြောင့်ဖြစ်ပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။
ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)