Main menu

" အနာဂတ်ကြယ်ပွင့်လေးများ ပျော်ရွှင်ကျန်းမာရေး စာသင်ကျောင်းများသို့အသိပညာပေး "

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်၂၀၂၂ ခုနှစ် ၊ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် ပခုက္ကူမြို့၊ အ.ထ.က(၁)ကျောင်း၌ လည်းကောင်း၊ (၂၃)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် အ.ထ.က(၂)ကျောင်း၌လည်းကောင်း၊ (၂၅)ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် အ.ထ.က(၃)၌လည်းကောင်း စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့်  လုပ်ငန်းဆောင်ရွက်ချက်များ ၊ ဌာန၏မျှော်မှန်းချက် ၊ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ခွင့်မပြုဆိုးဆေးများ၏အန္တရာယ်များအကြောင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC) အားဖွင့်လှစ်ထားရှိမှုအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးပါသည်။

          ဒု-ခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အညွှန်း အမှတ်အသားများနှင့် စပ်လျဉ်းသည့်သိရှိရမည့်သတင်းအချက်အလက်များ၊  ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိသောကုန်စည်များအား အသိတရား၊ သတိထား၍ သုံးစွဲစေလိုကြောင်း၊ စားသုံးသူ ထိခိုက်နစ်နာမှု နှင့်စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာ ကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center အားဖွင့်လှစ်ထားကြောင်း အကျယ်တဝင့်ဆွေးနွေးပါသည်။

          စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ဆွေးနွေးရာတွင် စားသုံးသူများတွင် အခွင့်အရေးများရှိ၍ သိရှိရန်လိုအပ်ကြောင်း၊ အခွင့်အရေးကို ရယူနိုင်မှသာလျှင် နစ်နာဆုံးရှုံးမှုများ မရှိဘဲ နောင်အနာဂတ်တွင် ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူ၏ တာဝန်များ လည်းရှိ၍ တိကျစွာလိုက်နာရန်လိုအပ်ကြောင်း၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် သတင်းအချက်အလက်များ ပြည့်စုံစွာရယူ၍  ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ပြီး စိတ်ကျေနပ်မှုများရရှိစေလိုကြောင်း၊ အမှန်တကယ် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက အထောက်အထား များနှင့်အတူ မိမိတို့ဌာနသို့ တိုင်ကြားစေခြင်းဖြင့် ကုစားခွင့်များရရှိမှာဖြစ်ကြောင်း၊ Online Shopping ဝယ်ယူသုံးစွဲခြင်းနှင့် ပတ်သက်၍ ဆိုးကျိုးများဖြစ်ပေါ်လာနိုင်သောကြောင့် စိစစ် အသုံးပြုစေလိုကြောင်း၊ စားသုံးရန်မသင့်သော အစားအစာများအကြောင်းအား ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်၍ မေးမြန်းခြင်းအပေါ် ဖြေဆိုနိုင်သောကျောင်းသား/သူများအား ဆုချီးမြှင့်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)