စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးကျော်မြင့် နှင့် ဒု-ဦးစီးမှူး ဒေါ်ခင်မေဝင်း တို့မှ (၃-၈-၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် တောင်ကုတ်ခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၌ ကိတ်မုန့်၊ ပေါင်မုန့်နှင့် အကြော်မျိုးစုံထုတ်လုပ်သည့်လုပ်ငန်းရှင်(၇)ဦးအား စားသုံးသူကာကွယ် ပေးရေးဆိုင်ရာ ဥပဒေအကြောင်း အရာများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ တောင်ကုတ်ခရိုင်ဦးစီးမှူးက ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ ဌာန၏ မျှော်မှန်းချက်နှင့်ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါအကြောင်းအရာများ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအပေါ် စားသုံးသူ တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည်အပေါ်တာဝန်ရှိမှု ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်ပတ်သက်၍ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ခြင်းများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဒု-ဦးစီးမှူး ဒေါ်ခင်မေဝင်းမှ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှုများအား ဆက်လက်ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော လုပ်ငန်းရှင်များမှလည်း သိရှိလိုသည်များကို မေးမြန်းကြရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရခိုင်)