
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၂၅) ရက် နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဈေးကွက်အတွင်း ရောင်းချနေသော Signal သွားတိုက် ဆေးဗူးများအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး(၃) ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း Signal သွားတိုက်ဆေးရောင်းချသောဆိုင်များဖြစ်သည့် နှင်းဆီမှ အလှကုန်ပစ္စည်းဆိုင်၊ ဒေါ်ငြိမ်းငြိမ်းသူ အလှကုန်ပစ္စည်းနှင့် ကုန်မျိုးစုံဆိုင်၊ ဒေါ်မိုးစန္ဒာကုန်စုံဆိုင်နှင့် ဦးလှရှိုန်သမီး အေးမီလှရှိုန် အလှကုန်ပစ္စည်းနှင့်ကုန်မျိုးစုံဆိုင်တို့ တွင် Signal သွားတိုက်ဆေးအတုများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက သွားတိုက် ဆေးသည် စားသုံးသူများ အစားအစာများ စားသောက်ရာတွင် အဓိကကျသော သွားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ကုန်စည်ဖြစ်ပြီး အတုအပများ ရောင်းချခြင်းမပြုကြရန်၊ သွားတိုက်ဆေးတွင် ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် Signal သွားတိုက်ဆေးများ ဝယ်ယူရောင်းချရာတွင် အတုနှင့်အစစ်ခွဲခြား သိရှိနိုင်ရန် ရောင်းချသူလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)