Main menu

ဘားအံမြို့ရှိ အခြေခံပညာကျောင်းများ၏ ကျောင်းမုန့်ဈေးတန်းများအား အဖွဲ့စုံဖြင့်  ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဘားအံမြို့ရှိ အခြေခံပညာကျောင်းများ၏ ကျောင်းမုန့်ဈေးတန်းများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသော အစားအသောက်များ ရောင်းချနေမှု ရှိ/ မရှိ၊ ရောင်းချနေသော အစားအသောက်များသည် ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/ မရှိကို အသိပညာပေး စစ်ဆေးဆောင်ရွက်သွားရန် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် နံနက် ၀၈:၃၀ နာရီ အချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျောင်း ကျန်းမာရေးကော်မတီ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာနမှ တာဝန်ခံ ဒေါ်မေသူနွယ်က ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချ နေသော မုန့်ဈေးတန်း ဆိုင်ပိုင်ရှင်များအနေဖြင့် တားမြစ်ထားသော အစားအသောက်များ ရောင်းချ ခြင်း မပြုရန်၊ ကျန်းမာရေးနှင့် ညီညွတ်မျှတသော အစားအသောက် များကို ရွေးချယ်၍ ဝယ်ယူ ရောင်းချပေးရန် မှာကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က ပြောကြား ရာတွင် အခြေခံလိုအပ်ချက်များအပေါ် စားသုံးသူ (ကျောင်းသား၊ ကျောင်းသူ)များ စိတ်ကျေနပ်မှု ရှိစေရန်အတွက် အလေးထား ဆောင်ရွက်ပေးရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု မရှိသော မုန့်နှင့် အချိုရည်မျိုးစုံတို့ကို ရောင်းချခြင်းမပြုရန်၊ ဈေးကွက်သို့ ရောက်ရှိပြီး ကုန်စည်များ အပေါ်တွင် ထုတ်ကုန်လုံခြုံ စိတ်ချရမှုမရှိသော ကျောင်းသား၊ ကျောင်းသူများ ဆော့ကစားရာတွင် အန္တရာယ်ဖြစ်စေနိုင်သည့် အချွန်အတက်ပါ ကလေးကစားစရာများနှင့် ကော်စေ့ သေနတ်များ ရောင်းချခြင်း မပြုရန်၊ စားသောက်ကုန်များတွင် သက်တမ်း ကုန်ဆုံးရက် ဖော်ပြထားခြင်း ရှိ/ မရှိကို စနစ်တကျ ကြည့်ရှု့တတ်စေရန်နှင့် ရွေးချယ် ဝယ်ယူရောင်းချနိုင်စေရန် ဆိုင်ပိုင်ရှင်များအား အသိပညာပေး လက်တွေ့သင်ကြား ပြသ၍ ကျောင်းမုန့်ဈေးတန်းများတွင် အဖွဲ့စုံဖြင့် လှည့်လည် စစ်ဆေးခဲ့ရာမှ သက်တမ်းလွန် မုန့်များအား အဖွဲ့စုံဖြင့် သိမ်းဆည်း ဖျက်ဆီးခဲ့ကြသည်။

       စားသုံးသူရေးရာဦးစီးဌာန ပါဝင်သော ကျောင်းမုန့်ဈေးတန်းစစ်ဆေးရေးအဖွဲ့သည်  ဘားအံ မြို့ရှိ အခြေခံပညာကျောင်း စုစုပေါင်း (၂၄) ကျောင်းအား(၂၆-၇-၂၀၂၂) ရက်နေ့မှ (၂-၈-၂၀၂၂) ရက်နေ့အထိ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်စေရေးနှင့် စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရန်အတွက် ရည်ရွယ်၍ အသိပညာပေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။                                        

DOCA(ကရင်)