မိုးတွင်းကာလတွင်အလေ့ကျပေါက်လေ့ရှိသည့် သဘာဝမှိုများကိုသာ ယခင်ကစားသုံးနေကြရပြီး အခန့်မသင့်ပါက မှိုဆိပ်တောက်၍ အကြောတက်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်းတို့အပြင် သေဆုံးသည်အထိ အန္တရာယ်ရှိခဲ့ကြပါသည်။ အဆိပ်ရှိသည့်မှိုနှင့် စားသုံးသင့်သည့်မှိုများကို ခွဲခြား သိရှိနိုင်ရန် မလွယ်ကူသဖြင့် အဆိပ်ရှိမှိုများကိုစားသုံးမိခြင်းများ ကြုံတွေ့ခဲ့ရပါသည်။ ယခုအခါ စားသုံးသူများအတွက် ဘေးဥပါဒ်ကင်းလွတ်စေရန် စားသုံးသင့်သည့်မှိုများကို လေ့လာရွေးချယ်၍ စိုက်ပျိုးထုတ်လုပ်လာသောကြောင့် တစ်နှစ်ပတ်လုံး မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပြီး စားသုံးသူများ အတွက် အာဟာရပြည့်ဝကာ ဘေးအန္တရာယ်ကင်းရှင်းသည့်မှိုများကို အချိန်မရွေးစားသုံးလာနိုင်မည် ဖြစ်ပါသည်။ စိုက်ပျိုးမှိုသည် ဓာတုဆေးနှင့် ဓာတ်မြေဩဇာကင်းလွတ်သောကြောင့် ကျန်းမာရေး အတွက် လုံခြုံစိတ်ချရပါသည်။ မှိုများတွင် ချက်ပြုတ်စားသောက်ခြင်းအတွက်သာမက ကြွက် နားရွက်မှို၊ အပ်မှို၊ လင်ဇီးမှို၊ ရှီးပဒီးမှို စသည့်မှိုများကို ဆေးဘက်ဝင်သော မှိုများအဖြစ်သုံးစွဲနိုင် ပါသည်။ မှိုစိုက်ပျိုးထုတ်လုပ်ခြင်းသည် လယ်ယာကိုင်းကျွန်းနှင့် ဥယျာဉ်ခြံဘေးထွက်ပစ္စည်းများ၊ စက်မှုစွန့်ပစ်ပစ္စည်းများ စသည့်အမှိုက်များကို မှိုမွေးမြူစိုက်ပျိုးရေးတွင်ပြန်လည်အသုံးပြုနိုင်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ခြင်းကိုလည်း အထောက်အကူပြုနိုင်ပါသည်။ စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်မှု နည်းပညာ၊ မြေနေရာ ကျဉ်းကျဉ်းတွင် မှိုအမြောက်အမြား စိုက်ပျိုး ထုတ်လုပ်နိုင်သည့် နည်းပညာများကို တောင်သူများအကြား ပြန့်ပွားလာခြင်းကြောင့် တောင်သူများအတွက် တပိုင် တနိုင်စိုက်ပျိုးခြင်းမှ မိသားစုအပိုဝင်ငွေရရှိနိုင်စေခြင်း၊ ထိုမှတစ်ဆင့် စီးပွားဖြစ်လုပ်ငန်း တစ်ရပ်အဖြစ် တိုးတက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ကော်မတီဝင်အဖြစ်ပါဝင်သည့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး ကော်မတီက မှိုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်းကိုဖွင့်လှစ်ပေးရန်စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ပြည်တွင်း ဈေးကွက်အတွင်း တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြသည့် မှိုဈေးကွက်အတွက် မှိုစိုက်ပျိုးနည်းပညာ များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် မှိုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်းကို ၂ရက်ကြာသင်တန်းဖွင့်လှစ်ခဲ့ရာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် သင်တန်းဖွင့်ပွဲ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား (၆၀)ဦး တက်ရောက် ခဲ့ပါသည်။ သင်တန်းတွင် မှိုစိုက်ပျိုးထုတ်လုပ်နည်းအပြင် မှိုမျိုးသန့် မွေးမြူနည်း၊ မှိုတွင် ကျရောက်တတ်သည့် ရောဂါကာကွယ်နှိမ်နင်း နည်းများကို သင်တန်းပို့ချခဲ့ကြောင်း သိရပါသည်။ မှိုမျိုးထုပ်များကို တစ်ထုပ်လျှင် (၃၅၀)ကျပ်ဖြင့် မြို့နယ်စိုက်ပျိုးရေးရုံးများတွင် ဝယ်ယူရရှိနိုင် ကြောင်းသိရပါသည်။ တိုင်းဒေသကြီးအတွင်း မှိုမျိုးထုပ်များရောင်းချမှု ထွန်းကားလာပြီး ဒေသ၏ လူမှုစီးပွားကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မှာဖြစ်ပါသည်။ တပိုင်တနိုင် မှိုစိုက်ပျိုး ထုတ်လုပ်ခြင်းမှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူများဖြစ်အောင် အချိန်တိုအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)