
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)အစောပိုင်းတွင် ပြည်တွင်းသုံးကုလားပဲဈေးငြိမ်၍ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဈေးကွက်သို့ ကုလားပဲသီးနှံ စိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ပေါက်၊ ရေစကြို မြို့နယ်တွင်းရှိ ကျေးရွာများအပြင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိကျေးရွာများမှ အများဆုံးဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအချိန်တွင် တောင်သူ များတွင် သီးနှံလက်ကျန်နည်းချိန်ရောက်ရှိပြီး ကုန်သည်ကြီးများမှ ဝယ်ယူသိုလှောင်ထားရှိသော ကုလားပဲများကို ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ကုလားပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဈေးနှုန်းအနေဖြင့် (V2)တစ်တင်းလျှင် ကျပ်(၈၉၀၀၀-၈၈၅၀၀)၊ ကုလားပဲ(V6) တစ်တင်းလျှင် ကျပ် (၉၀၀၀၀-၈၈၀၀၀)၊ ကုလားပဲ(HL) တစ်တင်းလျှင် ကျပ်(၈၇၀၀၀)၊ ကုလားပဲ(929) တစ်တင်းလျှင် ကျပ်(၈၈၀၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဇွန်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပွဲရုံဈေးကွက်တွင် နေ့စဉ် ပိဿာ(၂၀)ဝင်အိတ် (၁၅၀၀ မှ ၂၀၀၀)ခန့်ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူပွဲရုံ ဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန် အမျိုးမျိုး ထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်း ရှင်များ၊ ပဲကြော်/ပဲမုန့် (အစိမ်း/အကျက်)ထုတ်လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ကုလားပဲဈေးမြင့်တက်၍ ကုလားပဲခြမ်းများလည်း တစ်ပြည်လျှင် ကျပ်(၈၀၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း ဝယ်ယူသုံးစွဲမှုအပြင် ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ အများဆုံး တင်ပို့ကြောင်း၊ ကုလားပဲသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ပြည်တွင်းစားသုံးမှုများ၍ ယခု အချိန်တွင် ရောင်းလိုအားဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)