စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့တင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးများပြည့်မီရေး၊ကျန်းမာရေးနှင့်ညီညွှတ်ပြီးဘေးအန္တရာယ် ကင်းရှင်းသည့် စားအုန်းဆီများကိုသုံးစွဲနိုင်ရေး ၊ စျေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်း ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ကြီးကြပ်ဆောင်ရွက်လျှက်ရှိရာ(၈-၈-၂၀၂၂)ရက် နေ့တွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီမှူးဦးဆောင်သော စစ်ဆေးရေး အရာရှိများသည် ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သား၊တံတားဦးမြို့နယ်များရှိ စားသုံးဆီအရောင်းဆိုင် များတွင် နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာသည့် ပုဇွန်နှစ်ကောင်တံဆိပ် စားသုံးဆီပုံများရောင်းချခြင်းရှိ/မရှိအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက် ခဲ့ပါသည်။စစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးက ပုဇွန်နှစ်ကောင်အမှတ်တံဆိပ်ပါ စားသုံးဆီများနှင့်ဆီပုံးများအား နယ်စပ်မှတဆင့်တရားမဝင် ဝင်ရောက်လာပြီးစျေးကွက်အတွင်း ရောင်းချမှုမရှိစေရေးအတွက် လာရောက်စစ်ဆေးရခြင်းဖြစ် ကြောင်း ၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချရာ၌ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပုဒ်မ(၄၁)တွင်ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ၌ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်တစ်ခုကိုထုတ်လုပ်ရာတွင် ကုန်စည်၏တံဆိပ်အမှတ် အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း ၊ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ၊ ထုတ်လုပ်မှု အမှတ်စဉ် ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ထုတ်လုပ်သည့်နေရာ၊ ပါဝင်သောကုန်ကြမ်း ပစ္စည်းများ၏ အမျိုးအမည်နှင့်ပမာဏ ၊ ပါဝင်မှုအချိုးအစား ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊သက်ဆိုင်ရာအစိုးရ ဌာနများကဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များအား ထည့်သွင်းဖော်ပြရန် ပြဌာန်း ခဲ့ကြောင်း၊ လုပ်ငန်းရှင် များအနေဖြင့် မိမိတို့ထုတ်လုပ်သည့် ကုန်ပစ္စည်းနှင့်သက်ဆိုင်သည့် ဥပဒေပါ အချက်များအား ထည့်သွင်းရန်လိုအပ်ကြောင်း၊ စားသုံးဆီအရောင်းဆိုင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များမပါရှိသည့် စားသုံးဆီများအား ရောင်းချခြင်းမပြုရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)