ရခိုင်ပြည်နယ်၊စားသုံးသူရေးရာ ဦးစီးဌာန၊တောင်ကုတ်ခရိုင်၊ ခရိုင်ဦးစီးမှူးဦးကျော်မြင့်သည် (၁၂-၈-၂၀၂၂)ရက်နေ့တွင် တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက်ရှိ ဒေသတွင်း မုန့်ဖုတ်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားနှင့်စပ်လျဉ်း၍ သိရှိလိုခြင်းနှင့် ပတ်သတ်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ခရိုင်ဦးစီးမှူးနှင့်တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်သည် တောင်ကုတ်ဒေသအတွင်း “ပြုံးပြုံးလေး”အမှတ်တံဆိပ်ဖြင့် ကိတ်မုန့်/ ပေါင်မုန့်အမျိုးမျိုးအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသူ တစ်ဦးဖြစ်ကာ ၎င်းထုတ်လုပ်သည့်ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသား များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များရှိပါက ညွှန်ကြားပြသပေးနိုင်ရေး ပြောကြားခဲ့ရာ ခရိုင်ဦးစီးမှူး ဦးကျော်မြင့် ဦးစီးအရာရှိမှ ကုန်ပစ္စည်းများအား တင်သွင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူ ကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင် သတိပေးချက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရန်လိုအပ်ပါကြောင်း၊ ကုန်စည်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို စားသုံးသူများ သိရှိနားလည်အောင်ဖော်ပြမှသာလျှင် စားသုံးသူများမှ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ရွေးချယ်ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌါန်း ချက်များအား ရှင်းလင်းပြောကြားခဲ့ရာ လုပ်ငန်းရှင်မှ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းရှင် ထုတ်လုပ်သည့်ကုန်ပစ္စည်းနမူနာပေါ်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများတွင် လိုအပ်ချက်များအား ခရိုင်ဦးစီးမှူးမှ ဖြည့်စွက်ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)