
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ဒေါက်တာကံဇော်၊ ဒုတိယ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးခင်မောင်လှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီ အချိန်တွင် သီလဝါအထူးစီးပွားရေးဇုန်သို့ရောက်ရှိ၍ အထူးစီးပွားရေဇုန် တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံသူများအား တွေ့ဆုံခဲ့ပါသည်။
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ သည် သီလဝါအထူးစီးပွားဇုန်သို့ ရောက်ရှိစဉ် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက လက်ရှိသီလဝါအထူးစီးပွားရေဇုန်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိမိတို့ အဖွဲ့လာရောက်ခြင်းသည် အထူးစီးပွားရေးဇုန်အတွင်းရှိ လုပ်ငန်းကောင်းမွန်စွာဆောင်ရွက်နိုင်ရေးအားပေးရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်သည် အောင်မြင်သောစီးပွားရေးဇုန်တစ်ခုဖြစ်ကာ တိုးတက်မှုရှိပြီးဖြစ်သည့် အရှိန်အဟုန်ကိုဆက်လက်ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ စက်မှုဇုန်အလိုက် ရင်းနှီးမြှုပ်နှံမှုများထပ်မံဝင်ရောက်လာစေရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရေး၊ ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများနှင့် နီးကပ်စွားပူးပေါင်းဆောင်ရွက်လိုကြောင်း၊ စက်ရုံအချို့တွင် ဆိုလာစွမ်းအင် ထုတ်ယူအသုံးပြုလျက်ရှိရာ ၆ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ပြီ ဖြစ်၍ ကျန်စက်ရုံများကိုလည်း ဆိုလာတပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်ရေး တိုက်တွန်းစေလိုကြောင်း၊ အထူးစီးပွားရေးဇုန်၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရေတိုရေရှည်အစီအမံများဖြင့် ဖြစ်ပေါ်တိုးတက်နေသည့် အခြေနေများအပေါ်မူတည်၍ သုံးသပ် ရေးဆွဲရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
ထိုနောက် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ဦးချစ်ဆွေက သီလဝါအထူးစီးပွားရေးဇုန် ၏ Promotion Zone ရှိ ထုတ်ကုန်ပစ္စည်းအများစုသည် သွင်းကုန်အစားထိုး ကုန်ပစ္စည်းများ ဖြစ်သဖြင့် ကောင်းမွန်ပါကြောင်း၊ သို့ရာတွင် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး၊ ပြည်ပကုန်စည်ပြပွဲ များ၌ ပါဝင်ပြသနိုင်ရေး ဆက်စပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အထူးစီးပွားရေးဇုန်၏ ပို့ကုန်သွင်းကုန်တန်ဖိုးအား နှိုင်းယှဉ်ကြည့်ရာ သွင်းကုန်တန်ဖိုးများနေသောကြောင့် တင်သွင်း ကုန်များသည် စက်ရုံများ၌ အမှန်တယ်အသုံးပြုရန်လိုအပ်မည့် ကုန်ကြမ်းပစ္စည်းများ ဖြစ်ရန် လိုအပ်ကြောင်း၊ စက်မှုဇုန်များတွင် လိုအပ်သော အချို့ပစ္စည်းများကို ပြည်တွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သော ပစ္စည်းများဖြင့် ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ဆက်သွယ်ပေးရန် လိုအပ်ပါကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းနောက် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် သီလဝါအထူးစီးပွားရေးဇုန်ရှိ One Stop Service Center (OSSC) ၏ အရည်အသွေးပြည့်ဝစွာဖြင့် ဝန်ဆောင်မှုပေးနေမှုတို့ကို ကြည့်ရှု စစ်ဆေးကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့သည် Myanmar International Terminals Thilawa(MITT) ဆိပ်ကမ်းသို့ သွားရောက်ခဲ့ရာ MITT အစည်းအဝေးခမ်းမ၌ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက အကောက်ခွန်လုပ်ငန်းများနှင့် ကုန်ပစ္စည်း စစ်ဆေးဆောင်ရွက်နေမှု များအားလည်းကောင်း၊ MITT ဆိပ်ကမ်းတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ DENKO စက်သုံးဆီ ဆိပ်ကမ်းတာဝန်ခံက စက်သုံးဆီ ဆိပ်ကမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ စားသုံးသူရေးရာ ဦးစီဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးခင်မောင်လှိုင်နှင့် တာဝန်ရှိသူအဖွဲ့တို့သည် သီလဝါအထူး စီးပွားရေးဇုန်ရှိ Myanmar International Terminals Thilawa(MITT) ဆိပ်ကမ်း၊ DENKO စက်သုံးဆီ ဆိပ်ကမ်း၊ Wilmar Myanmar Port Terminals (Thilawa) ဆိပ်ကမ်း၌ စားသုံးဆီ သိုလှောင်ကန်များသို့ လည်းကောင်း၊ သာကေတဆိပ်ကမ်း၌ ကုန်ပစ္စည်းများ ကုန်တင်ကုန်ချဆောင်ရွက်နေမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
DOCA