စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများသတ်မှတ် အရည် အသွေး စံချိန်စံညွန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ကြီးကြပ် ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်း အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်တာဝန်ခံများအနေဖြင့်လည်း စားသုံးဆီ တင်သွင်းသည့်ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချသွားရမည်ဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချ စေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက် ရွှေဘိုခရိုင်ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်၍ စားသုံးဆီရောင်းချမှုများကို ပူးပေါင်းကွင်းဆင်း စိစစ် ကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။
ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် စားအုံးဆီဒေသတွင်းတိုက်ရိုက်ရောင်းချမှု အစီအစဉ်အနေဖြင့် ဩဂုတ်လ (၂၀)ရက်နေ့မှ (၂၆)ရက်နေ့အထိတွင် (၂၅)ရက်နေ့သည် ဥပုဒ်နေ့ဖြစ်၍ တစ်ရက်နားသဖြင့် (၆)ရက် တိုင် ဆီကုန်သည် (၈)ဦးမှ အလှည့်ကျဖြင့် တစ်ရက်လျှင်ဈေးကား (၄)စီးဖြင့် ရွှေဘိုမြို့ပေါ်ရှိ ကုန်းဘောင်ဈေးအနီး၊ အောင်ဇေယျဈေးအနီး၊ အောင်ချမ်းသာဈေးအနီးနှင့် ထိပ်တန်းဈေးအနီးစသည့် ဈေးလေးဈေးအနီးတွင် နေ့စဉ်နံနက် (၇:၃၀)နာရီခန့်မှတင်၍ စားသုံးသူများ အလွယ်တကူဝယ်ယူနိုင် ရန်အတွက် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း စားသုံးဆီလက်လီအရောင်း ဈေးကား တစ်ပိဿာ ဈေးနှုန်း (၃၉၀ဝိ/-)”ဟူ၍ ဗီနိုင်းကပ်ကာ ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ ရောင်းချရာတွင် ယခင်ကထက် ဝယ်ယူသည့်သူများပြားသဖြင့် တစ်ဦးလျှင်ငါးဆယ်သားနှုန်းသာ ရောင်းချပေးကြောင်း၊ ရွှေဘိုမြို့ပေါ်သာမက မြို့နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများမှလည်းလာရောက် ဝယ်ယူကြကြောင်း၊ ဌာနအနေဖြင့် ရောင်းချမှုအစီအစဉ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံတင်ပြ ဆောင်ရွက်လျက်ရှိပြီး ရောင်ချနေမှုအား စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ရွှေဘိုမြို့ နယ်ဆီကုန်သည်အသင်းမှ တာဝန်ရှိသူများအပြင် သက်ဆိုင်ရာဈေးများတည်ရှိရာ ရပ်ကွက်အတွင်းရှိ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူမျာ ပူးပေါင်း၍ စနစ်တကျ ဝယ်ယူနိုင်စေရန်ကြိုးတန်းပေးခြင်း၊ တုံကင်ဝေပေးခြင်းများ ပူးပေါင်းဆောင်ရွက်ပေးကြကြောင်းနှင့် စားသုံးသူများကလည်း တစ်နေ့ထက် တစ်နေ့စည်ကားသိုက်မြိုက်စွာ တန်းစီဝယ်ယူ လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)