မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၃.၉.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ ငန်းတေးရပ်ကွက်၊ လမုတန်းရပ်ကွက်နှင့် ချောင်းဆုံမြို့နယ် ကော့မုပွန်ရပ်ကွက်တို့တွင်လည်းကောင်း၊ ၅.၉.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ ပိန္နဲကုန်းရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊ အောင်သုခရပ်ကွက်တို့တွင်လည်းကောင်း ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီဈေးကွက်အတွင်း ဖြစ်သင့် ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)