Main menu

စစ်ကိုင်းတိုင်းဒေသကြီး မိုးနှောင်းရာသီ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး မိုးနှောင်းရာသီ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့၌ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနရုံးတွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး သည် စိုက်ပျိုးရေးအားဖြင့် အရေးပါသည့်တိုင်းဒေသကြီး တစ်ခုဖြစ်ပြီးသည့်အတွက် ဒေသတွင်း ဆန်ဖူလုံမှုမှာ ၂၁၂.၇၉ ရာခိုင်နှုန်း၊ စားသုံးဆီဖူလုံမှုမှာ ၅၀၄.၃၄ ရာခိုင်နှုန်းနှင့် ပဲမျိုးစုံဖူလုံမှုမှာ ၉၆၄.၃၀ ရာခိုင်နှုန်း ရှိသည့်အတွက် တိုင်းဒေသကြီးစီးပွားရေးရဲ့ ၃၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးရေးအပေါ် မှီခိုနေပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍအနေနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးမှာ စုစုပေါင်းမြေရိယာ ၂၃၁ သိန်းကျော် ရှိသည့်အနက် အသားတင်စိုက်ပျိုးမြေ ၄၅.၆ သိန်းကျော်ရှိပြီး သီးထပ်၊ သီးညှပ် ဧကသိန်း ၉၀ ခန့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ အဟာရပြည့်ဝပြီး ဈေးနှုန်းချိုသာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များအား ပြည်သူများပေါများစွာ စားသုံးနိုင်ကြရန်အတွက် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေး ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် လုပ်ငန်းစဉ် ကွင်းဆက်တစ်လျောက်တွင် ပါဝင်သူများအားလုံးပူးပေါင်း၍ စံချိန်စံညွှန်း ပြည့်မီသည့် အရည်အသွေးကောင်း ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ပြီး ရေရှည် တည်တံ့သော စီးပွားဖြစ်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများပေါ်ထွန်းလာစေရေး ကြိုးပမ်းရန် လိုအပ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

     ဆက်လက်၍ တက်ရောက်ကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ ကုန်သည် စက်မှုလုပ်ငန်းရှင်များက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ထားရှိမှုများနှင့် အစီအမံများ၊ ဆက်လက် ဆောင်ရွက်လိုသည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က စိုက်ပျိုးရေးနှင့် ဒေသထုတ်ကုန်များ ထုတ်လုပ်ပိုလျှံမှုဈေးကွက်လက်ကျန်၊ ကုန်သွယ်နိုင်မှုအခြေအနေ၊ လက်ရှိဈေးနှုန်းနှင့် ဈေးကွက်အလားအလာများအားဆွေးနွေးပါသည်။ မြန်မာကုန်သွယ်မြှင့်တင်ရေးအဖွဲ့၊ တိုင်းဒေသကြီးတာဝန်ခံ ဒေါ်နှင်းပန်းဖြူက လယ်ယာထွက် ကုန်များ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးမည့်အစီအစဉ်များ၊ ပြည်ပကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ချိတ်ဆက်မှုများကို ဆွေးနွေးပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်၍ လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)