ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်နှင့် မြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ ပေါင်းလောင်းတိန် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူများနှင့် ကျောင်းသား မိဘများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းသီတာခိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ မြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးမြင့်သူက ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဦးစားပေးဖတ်ရှုသင့်သည့် အကြောင်းအရာများ၊ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၇၀ ဦးနှင့် ကျောင်းသားမိဘ ၃၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)