Main menu

ကြက်သွန်နီစိုက်ပျိုးခြင်းဖြင့်  တောင်သူများ အမြတ်အစွန်းပိုမိုရရှိလာ၍ တိုးချဲ့စိုက်ပျိုးသင့်

Powered by Drupal

       ကြက်သွန်နီသည် မြန်မာလူမျိုးများသာမက အခြားလူမျိုးများလည်း ဟင်းခတ်အမွှေး အကြိုင် အဖြစ်၊ ဟင်းအနှစ်အဖြစ်စားသုံးကြသလို ကြက်သွန်နီသည် အဆင့်မြင့်ထုတ်ကုန်ဖြစ်သော ကြက်သွန် ကြော်အဖြစ် စားသုံးကြသောသီးနှံဖြစ်ပါသည်။ ကြက်သွန်နီ၏မူရင်းဒေသမှာ အိန္ဒိယနိုင်ငံ အနောက် မြောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံနှင့် ပါလက်စတိုင်း နိုင်ငံတို့မှစတင်စိုက်ပျိုးခဲ့ကြပါသည်။

       ကြက်သွန်နီကို ရှေးဟောင်းသုတေသနဆိုင်ရာ ခိုင်လုံသောအထောက်အထားများအရ လွန်ခဲ့ သောနှစ်ပေါင်း (၂၀၀၀)ကျော်က အီဂျစ်ပြည်တွင် ကြက်သွန်နီကိုစိုက်ပျိုးကြောင်းသိရပါသည်။ ရှေးခေတ် အီဂျစ်လူမျိုးများသည် ကြက်သွန်နီ၏ လုံးဝန်းသောပုံနှင့် အလွှာအထပ်ထပ် ရှိနေခြင်း ကြောင့် အသက်ရှိသည်ဟုယုံကြည်ကာ ကိုးကွယ်ခဲ့ကြသည်ဟု သိရပါသည်။ ကြက်သွန်နီကို ၁၄၉၂ ခုနှစ်တွင် ကိုလံဘတ်စ် နှင့်အတူ အမေရိကတိုက်သို့ရောက်ရှိလာခဲ့ပါသည်။ စပိန်နိုင်ငံတွင် ကြက်သွန်နီ ကို အရောင်(၃)မျိုးဖြင့် ခွဲခြားထားရာ ကြက်သွန်(အနီ)၊ ကြက်သွန်(အဖြူ)၊ ကြက်သွန် (အဝါ)ဟူ၍ ခွဲခြားထားပါသည်။  ကြက်သွန်အဝါရောင်သည် အနံ၊ အရသာနှင့်ပြည်စုံပြီး ချက်ပြုတ်ရာတွင် အရောင်ပြောင်းသွားသည်။ ကြက်သွန်နီအရောင်မှာ အရောင်လှ၍ ကြက်သွန် အဖြူရောင်မှာ မက္ကဆီကန်လူမျိုးများ ကြိုက်နှစ်သက်သည်ဟုသိရပါသည်။

     မြန်မာနိုင်ငံတွင် စိုက်ပျိုးသော ကြက်သွန်နီမျိုးများမှာ ရွှေဖလားမျိုး၊ ဘောင်စောက်မျိုး၊ မင်းတုန်း ဥမွှာမျိုးဟူ၍ရှိပါသည်။ ရွှေဖလားမျိုးမှာ ကြက်သွန်နီဥ အချိုးပမာဏ (၁)ထက်ကြီးပြီး ပြားဝိုင်းသည့် ပုံသဏ္ဍာန်ရှိ၍ မျိုးကွဲအနေဖြင့် ရွှေဒင်္ဂါး၊ ရွှေဖလားခွက်မှောက်များဟူ၍ ခေါ်ဆိုကြ ပါသည်။ ဘောင်စောက်မျိုးမှာ အချိုးပမာဏ (၁)ထက်ငယ်သည့်အတွက် လုံးရှည်ပုံသဏ္ဍာန်ရှိပြီး မျိုးကွဲအနေဖြင့် ဥတစ်လုံး၊ ဘုံဆိုင်းနှင့် ဘင်္ဂလားမျိုးဟူ၍ခေါ်ဆိုကြပါသည်။ သပိတ်လုံး ကြက်သွန်နီ ဥမှာ အလျား၊ အနံ အချိုးအစားမျှတမှုရှိသည့်အတွက် လုံးဝိုင်းသောပုံသဏ္ဍာန်ရှိပြီး အချို့ဒေသတွင် ဦးဝိုင်းမျိုးဟူ၍လည်းခေါ်ဆိုကြပါသည်။ မင်းတုန်းဥမွှာမျိုးမှာ တစ်လုံးတည်းမဟုတ်ဘဲ အမွှာ၊ အတက်များဖြစ်ပေါ်နေသည့်အတွက် အမြိတ်စားကြက်သွန်အဖြစ် အသုံးများ၍ မြန်မာကြက်သွန် (သို့မဟုတ်) ကြက်သွန်နီကလေးဟုခေါ်ဆိုကြပါသည်။

      ကြက်သွန်နီသည် ရေကြိုက်သောသီးနှံဖြစ်ပြီး အစိုဓါတ်ရှိသောမြေလွှာအတော်များများတွင် စိုက်ပျိုးနိုင်ပါသည်။ ကြက်သွန်နီသည် အလွန်ချဉ်သောမြေကို မနှစ်သက်သောကြောင့် အောက် မြန်မာပြည်တွင် စိုက်ပျိုးမှုနည်းပါးပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သာ တောင်တွင်းကြီး၊ ဆိပ်ဖြူ၊ ရေနံချောင်းဒေသများတွင် စိုက်ပျိုးမှုများကြောင်းသိရပါသည်။ အပူအအေးသင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်၍ နေ့တာရှည်ပါက ဥအထွက်နှုန်းကောင်းမွန်ပါသည်။ အပူချိန် (၅ဝံF) မှ (၆ဝံF) တွင် တစ်နေ့တာအလင်းရောင် (၉)နာရီမှ (၅)နာရီရှိပါက ပန်းပွင့်၍ အစေ့တည်စေပါသည်။

     ကြက်သွန်နီစိုက်ပျိုးရာတွင် အစေ့ကိုတိုက်ရိုက်စိုက်ပျိုးနိုင်သော်လည်း ကုန်ကျစရိတ်များ သောကြောင့် ပျိုးထောင်၍စိုက်ပျိုးကြပါသည်။ ကြက်သွန်နီ တစ်ဧကစိုက်ပျိုးရန်အတွက် ပျိုးခင်း (၀.၀၅)ဧက ရှိရန်လိုအပ်ပါသည်။ မျိုးစေ့အနေဖြင့် တစ်ဧကလျှင် ကြက်သွန်နီစေ့ (၄)ပြည်ခန့် အသုံးပြုရ ပါသည်။ ကြက်သွန်နီကို မြေပြန့်ဒေသများတွင် အောက်တိုဘာ လမှ နိုဝင်ဘာလ အထိ ပျိုးထောင်၍ ဒီဇင်ဘာလနှင့် ဇန်နဝါရီလဆန်းပိုင်းတွင် စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် ပျိုးပင်ပေါက် (၅)သိန်း မှ (၇)သိန်းအထိ စိုက်ပျိုးစနစ်ပေါ်မူတည်၍ စိုက်ပျိုးနိုင်ပါသည်။ မြစ်ရေ များကျဆင်းချိန် ကျွန်းများနှင့် သဲသောင်ပြင်များတွင်လည်း ကြက်သွန်နီကို စိုက်ပျိုးနိုင်ပါသည်။ တောင်ပေါ်ဒေသများတွင် မတ်လနှင့် ဇွန်လအထိ ပျိုးထောင်ကြပါသည်။ ကြက်သွန်နီပျိုးထောင်ရာတွင် ပျိုးမထောင်မှီမျိုးစေ့များကို မျိုးစေ့လူးနယ်ဆေးဖြင့် လူးနယ်၍ အရိပ်အောက်တွင် (၁၀)မိနစ်ခန့် အခြောက်ခံပြီးမှ ပျိုးထောင်ရပါမည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် အပင်ပေါက်နှုန်းကောင်းမွန်ပြီး အပင်ကြီးထွားသန်မာတုတ်ခိုင်ကာ စုပ်စားပိုးများ၊ မြေအောင်းပိုးများ၊ ပင်မြတ်ပိုးများနှင့် ခါးရိ ရောဂါများကို ကြိုတင်ကာကွယ်နိုင်ပါသည်။ ကြက်သွန်နီကို ဘောင်ဖော်စိုက်ပျိုးခြင်းနှင့် ကန်သင်း ဖော်စိုက်ပျိုးခြင်းဟူ၍ (၂)မျိုးရှိပါသည်။ ဘောင်ဖော်စိုက်ပျိုးရာတွင် မြေမျက်နှာပြင်အနိမ့်၊ အမြင့်ပေါ်မူတည်၍ ညီညာသောအပိုင်းများအလိုက် ဘောင်ဖော်ပေးရပါမည်။ ဘောင်ဖော်ရာတွင် ရေသွင်းရန်အတွက် (၃)ပေ(၄)ပေခြား မြောင်းများဖော်ပေးခြင်းဖြင့် ရေသွင်းရန်လွယ်ကူပြီး အကွက် ထဲသို့ရေရောက်ရှိမည်ဖြစ်ပါသည်။ ပျိုးပင်များကို တစ်ပင်နှင့်တစ်ပင် တစ်တန်းနှင့်တစ်တန်း ၄/၅ လက်မခန့်ခွာ၍ စိုက်ပျိုးရပါမည်။ ပြီးနောက်ဘောင်နှင့်ညီအောင် ရေသွင်းပေးရပါမည်။ ကန်သင်းဖော် စိုက်ပျိုးနည်းမှာ ဆည်ရေရရှိသောဒေသများတွင်သာ စိုက်ပျိုးကြပြီး ပေါင်းရှင်းရာတွင် အပင်များ ကိုထိခိုက်မှုမရှိစေရန် ကန်သင်းပေါ်မှနေ၍ ပေါင်းရှင်းနိုင်ရန်အတွက် ၄/၅ ပေထက်မကျယ်သော အကွက်များကို ဖော်ပေးရပါမည်။ ပျိုးပင်များ ၄/၆ပတ်သား အရွယ်တွင် အပင်းရင်း အနည်းငယ် ကြီးလာပါက စိုက်ပျိုးမြေနေရာသို့ ပြောင်းရွေ့စိုက်ပျိုးနိုင်ပါသည်။

    ကြက်သွန်နီသည် အော်လီယံ(Allium) မျိုးရင်းတွင်ပါဝင်သော အောလီယံဆက်မာ (Allium Cepa) မျိုးစိတ်ဖြစ်ပြီး မြေပြင်ပေါ်တွင် ထောင်မတ်နေသော အညှောက် (Vertical Shoot) ပါရှိပါသည်။ ကြက်သွန်ဖြူနှင့် မျိုးခြင်းနီးစပ်၍ အာရှအလယ်ပိုင်းဒေသများတွင် ကြက်သွန်နီ အရိုင်းများ ပေါက်တက် ပါသည်။ ကြက်သွန်နီသည် အပင်ပျော့ဖြစ်၍ အမြင့်ပေ(၁)ပေခန့်သာရှိပြီး ပင်စည်အောက်ခြေတွင် ဥ ဥပါသည်။ ကြက်သွန်နီအပွင့်မှာ လုံးဝိုင်း၍ ထီးပုံသဏ္ဍာန်ရှိပြီး ပန်းခိုင်တွင် ကြယ်ပုံပန်းပွင့် အဖြူလေးများပွင့်ပါသည်။ ကြက်သွန်နီအပွင့်မှာ ပြာသိုလနှင့် တပို့တွဲလတွင်ပွင့်ပြီး တပေါင်းလတွင်စ၍ ဥနှုတ်ယူရပါသည်။ ကြက်သွန်နီစိုက်ပျိုးသော မြေအခြေအနေပေါ် မူတည်၍ မြေဩဇာ အသုံးပြု မှုကွာခြားပါသည်။ သဲဆန်သောမြေများတွင် နွားချေးပို၍ အသုံးပြုရပါသည်။ တစ်ဧကအတွက် လိုအပ်သည့် မြေဩဇာများမှာ နွားချေး(၁၀)စီး မှ (၁၅)စီး၊ ယူရီးယား (၂)အိတ်၊ တီစူပါ (၂)အိတ်၊ ပိုတက်ရ် (၁)အိတ်ခန့်လိုအပ်ပါသည်။ ကြက်သွန်နီ အထွက်နှုန်းကောင်း စေရန်အတွက် ပေါင်းကို နိုင်အောင်လိုက်ရမည်ဖြစ်ပြီး အရွက်များစတင်ကျချိန်တွွင် ပေါင်းလိုက်ရန် မလိုတော့ဘဲ စိုက်ပျိုးပြီး (၁)လအကြာတွင် မြေဩဇာကို အတန်းကြားတွင်ချပေးရပါမည်။ မြေများ ကြပ်နေပါက နွားချေးနှင့် မြေဆွေး ထပ်မံထည့်ပေးရပါမည်။ သာမာန်အားဖြင့် ရေကိုတစ်ပတ်လျှင် တစ်ကြိမ်သာပေးရပြီး ရာသီဥတု ပူပြင်းပါက ၄/၅ရက်ခြားတစ်ကြိမ်ခန့်ရေပေးသွင်းရပါမည်။ အရွက်များ စတင်ကျ လာချိန်တွင် ရေသွင်းခြင်း ကိုရပ်လိုက်ရပါမည်။ အမြိတ်စား ကြက်သွန် အတွက် ရိတ်သိမ်းချိန်တွင် အရွက်မှာခဲတံလုံးခန့်ရှိလျှင် လက်ဖြင့်နှုတ်ယူနိုင်ပြီး၊ ကြက်သွန်ဥကြီး ရိတ်သိမ်းလိုလျှင် အရွက် ၁၅/၂၅ %ခန့် ခြောက်လာပါက လက်ဖြင့်ဆွဲနှုတ်၍ ရိတ်သိမ်းနိုင်ပါသည်။ အရွက်များအားလုံနီးပါး ခြောက်သွေ့ လာမှသာ နှုတ်သိမ်းလျှင် နှုတ်ယူရန်မလွယ်ကူတော့ဘဲ ရောင်းတန်းလည်းမလှတော့ပါ။ ကြက်သွန်နီ ဥကို နှုတ်ပြီးလျှင်ပြီးချင်း အရွက်ကိုဖြတ်လိုက်ပါက အရည်အသွေးပိုကောင်းသည်ဟုသိရပါသည်။ တစ်ဧကလျှင် ကြက်သွန်နီအထွက်နှုန်းမှာ ပိဿာချိန် ၆ထောင်မှ ၈ထောင်အထိထွက်နိုင်ပါသည်။

   ကြက်သွန်နီသည် အခြေခံစားသောက်ကုန်သီးနှံတစ်မျိုးဖြစ်သလို အလှအပအတွက်လည်း ကောင်းကျိုးများစွာရှိပါသည်။ ကြက်သွန်နီအရည်ကို ဝါဂွမ်းနှင့်တို့ပြီး မျက်နှာအနှံလိမ်း၍ ရေနွေးနှင့် ဆေးချပါက အသာအရေတင်းသလို အရေးအကြောင်းကင်းပြီး ဝက်ခြံများလည်း သက်သာစေပါသည်။ ကြက်သွန်နီတွင် ပါဝင်သော ဗီတာမင်စီက အမည်းစက် နှင့်တင်းတိတ်များ ပျောက်ကင်းပြီး အသား အရောင်ညီညာစေပါသည်။ ကြက်သွန်နီကို စားသုံးပေးခြင်းကြောင့် ရေဓါတ်ပြည့်ဝပြီး Glow Skin ဖြစ်ဖို့ အထောက်အကူဖြစ်စေပါသည်။ ကြက်သွန်နီတွင် ပါရှိသော antioxidants က မျက်နှာ အသားအရေ ညစ်နွမ်းမှုကိုသက်သာစေပြီး၊ ကျန်းမာဝင်းလက်သည့် အသားအရေကို ပိုင်ဆိုင်မှာဖြစ်ပါသည်။ အသားအရေကြည်လင်စေခြင်း၊ နှုတ်ခမ်းသားနူးညံ့စေခြင်းနှင့် ဆံပင်များလည်း သန်စွမ်းစေပါသည်။

    ကြက်သွန်နီကို ပုံမှန်စားသုံးပေးခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုးများမှာ အရိုးသိပ်သည်း စေခြင်း၊ ကိုလက်စထရော ပမာဏကို လျော့ချပြီး နှလုံးကိုကျန်းမာစေခြင်း၊ အစာခြေအားကိုလည်း ကောင်းစေခြင်း၊ ဆံပင်ပျက်စီးမှုကိုလျော့ချပြီး၊ အန်တီအောက်စီးဒန့်ကိုမြှင့်တင်ပေးခြင်း၊ အမြင် အာရုံအားကောင်းစေပြီး၊ ခံတွင်းကျန်းမာရေးကိုကောင်းစေခြင်း၊ ယားယံမှုကိုသက်သာစေခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများကို ပျောက်ကင်းစေခြင်းနှင့် ဆံပင်အတွက်လည်း ကောင်းမွန် စေပါသည်။

    ကြက်သွန်နီကို အစိမ်းအတိုင်းစားကြသလို ကြက်သွန်ကြော်များလည်းပြုလုပ်၍ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ ရောင်းချနိုင်ပါက ကြက်သွန်နီစိုက်ပျိုးသူတောင်သူများအနေဖြင့် ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ပါသည်။ ကြက်သွန်နီစိုက်ပျိုးမှု့ကို သက်ဆိုင်ရာဌာနများမှ နည်းပညာများ အရင်းအနှီးများ၊ ပြည်တွင်း၊ ပြည်ပဈေးကွက်များ ရှာဖွေပေးနိုင်ပါက ကြက်သွန်နီ စိုက်ပျိုးသူတောင်သူများအနေဖြင့် ပိုမိုတိုးချဲ့ စိုက်ပျိုးကြပြီး၊ အမြတ်အစွန်းများ လည်းပိုမိုရရှိ လာနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)