မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးသို့ မိတ္ထီလာမြို့နယ်အတွင်းမှ အလှကုန်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးမှ ကုန်ပစ္စည်းထုတ်လုပ်ရာတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို (၁၂-၉-၂၀၂၂) ရက်နေ့ (၁၄၀၀)ချိန် တွင် ခရိုင်ဦးစီးမှူးရုံးခန်းတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် လာရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
လုပ်ငန်းရှင်သည် မိတ္ထီလာမြို့နယ်ဒေသအတွင်း အလှကုန်များကို ထုတ်လုပ်နေသူတစ်ဦး ဖြစ်ပါကြောင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းအပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများ အား သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ညွှန်ကြားပေးနိုင်ပါရန် လာရောက်တွေ့ဆုံရခြင်းဖြစ် ကြောင်း ပြောကြားရာ ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း (၁၅)ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုအကြောင်း၊ အခန်း (၁၇)ပါ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှအချက်များအကြောင်း၊ အခန်း (၁၉) ပါ တိုင်ကြား ခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခြင်းများအကြောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေ (၁၈) ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်း ရှင်မဆို ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ)နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု (သို့) တစ်ခုထက် ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရ မည်ဖြစ်ကြောင်း၊ ကုန်စည်ကြောင့် စားသုံးသူများ ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူ ဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့် စားသုံးသူကာကွယ် ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူနိုင်သည့် အချက်အလက်များကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်ထုတ်လုပ်သည့် ကုန်ပစ္စည်း နမူနာပေါ်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံမှုရှိစေရေး လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ပါသည်။
DOCA(မန္တလေး)