ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်သည် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း ခန်းမတွင်ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်၍ စားသုံးသူကာကွယ် ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်သူဇာ ထွေးက လူငယ်နှင့်အားကစားအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးကိုလည်းကောင်း ဟောပြောခဲ့ပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူရေး ရာဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖတ်ရှုသင့်သည့်အကြောင်းများ၊ စားသုံးသူနစ်နာဆုံးရှုးမှုများကို တိုင်ကြားနိုင်ခြင်းများကို ဟောပြော ဆွေးနွေးပြီး ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၈၀ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ဟောပြောပွဲအပြီးတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေး အရာရှိ ဦးစီးမှူး ဦးမင်းဇော် ဦးဆောင်၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသောမုန့်များ၌ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ် အသားများ ဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)