Main menu

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ စက်မှုဇုံများ၊ကုန်စည်ဒိုင်များမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

Powered by Drupal

       ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးနှင့် ကုန်စည်ထုတ်လုပ်မှုတိုးတက်စေရေးရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ကုန်သည်များ၊ စက်မှုလုပ်ငန်းရှင်များအသင်း၊ စက်မှု ဇုန်များ၊ ကုန်စည်ဒိုင်မှလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၂၂ခုနှစ် စက်တင်ဘာလ (၂၂)ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ရှင်များ၊ စက်မှုလုပ်ငန်းရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

         အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ စက်မှုဇုန်များ၊ ကုန်စည်ဒိုင်မှ လုပ်ငန်းရှင်များ၏ တွေ့ကြုံနေရသော အခက်အခဲများနှင့် လိုအပ်ချက်များကို မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရင်ဆိုင်တွေ့ကြုံနေသည့် ကိစ္စရပ်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးတင်ပြပေးသွားကြရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ စိတ်အေးချမ်းသာစွာ လုပ်ငန်းများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တိုင်းအဆင့်ဌာနဆိုင်ရာများ အနေဖြင့်လည်း လုပ်ငန်းရှင်များ၏လိုအပ်ချက်များကို အဖြေရှာ၍ ကူညီဆောင်ရွက်ပေးသွားကြရန် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စုစုပေါင်းမြေဧက ၂၃၁ သိန်းကျော်ရှိသည့်အနက် အသားတင်စိုက်ပျိုးမြေ ၄၅.၆ သိန်းဧကကျော် စိုက်ပျိုးပြီး သီးထပ်၊ သီးညှပ်ဧကသိန်း ၉၀ ခန့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ သီးနှံပေါင်းစုံ စိုက်ဧက များပြားသည်နှင့်အညီ တောင်သူများလိုအပ်သည့်သီးနှံအလိုက် မျိုးကောင်း၊ မျိုးသန့်မျိုးစေ့များ အလုံအလောက်သုံးစွဲစိုက်ပျိုးနိုင်ရန်အတွက် တိုင်းဒေသကြီးအတွင်း သီးနှံအလိုက် မျိုးစေ့ထုတ် စိုက်ခင်းများဆောင်ရွက်ပြီး အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးကြရန်နှင့် တောင်သူများလိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ၊ သွင်းအား စုများ၊ အလွယ်တကူရရှိသုံးစွဲနိုင်ရေး၊ ရာသီချိန်ခါမီ စိုက်ပျိုးနိုင်ရေးတို့အတွက် ဆက်စပ်ဌာနများက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့်လည်း တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ခြင်းတို့ကို စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက စက်မှုမှတ်ပုံတင်လုပ်ငန်းငန်းများသည် များသောအားဖြင့် (Micro Small and Medium Enterprises) MSME လုပ်ငန်းများဖြစ်သောကြောင့် ၎င်း (Micro Small and Medium Enterprises) MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ နည်းပညာ များရရှိရေး၊ ရင်းနှီးမြုပ်နှံမှုများရရှိရေးနှင့် ချေးငွေဆိုင်ရာမူဝါဒများ ပြောင်းလဲသက်မှတ်ရေးများကို အစိုးရအဆက်ဆက်ဆောင်ရွက်ခဲ့သလို မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ် ကာလမှာလည်း လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ အကျိုးအမြတ်ရရှိစေမည့် လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊တိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ကုန်စည်ဒိုင်၊ စက်မှုဇုန်များနှင့် စီးပွားရေးအသင်း အဖွဲ့များအနေဖြင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်နှင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်မှုများကို ရင်းနှီးပွင့်လင်းစွာ တင်ပြကြစေလိုပြီး မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း တက်စွမ်းသမျှ ပေါင်းစပ် ကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

       ထို့နောက်တိုင်းဒေသကြီး ကုန်သည်များ၊ စက်မှုလုပ်ငန်းရှင်များအသင်း၊ စက်မှုဇုန်များ၊ ကုန်စည်ဒိုင်မှလုပ်ငန်းရှင်များက မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများ၊ ထုတ်လုပ် တင်ပို့ရောင်းချနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့ရောင်းချနေမှု လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက် အကြံပြု ဆွေးနွေးတင်ပြကြသည်။ 

        ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က  တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)