Main menu

အညာဒေသ၏ မိုးတွင်းပေါက်သော ရာသီပေါ်မှိုနီ

Powered by Drupal

          ယခုနှစ်မိုးရာသီတွင် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း‌ဒေသဖြစ်သော စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ မိုးများ၍ မိုးလေဝသ ရာသီဥတုမှန်ကန်ပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူများ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။

       မိုးရာသီအချိန်အခါ၌ မိုးရာသီ၏ ရာသီစာတစ်ခုဖြစ်သော သဘာဝကပေးသော “တစ်နှစ်တစ်ခါ ပေါ်လို့လာ ငါသာမင်းလောင်းထီးဖြူဆောင်း” ဆိုသည့်မှိုများ အရာတော်မြို့၌ ယခင်ကထက် အများ အပြား ပေါက်ကြောင်းသိရသည်။ မှိုများစွာရှိသည့်အနက် လူတို့စားသုံးရန်မသင့်သော လူတို့အတွက် အဆိပ်အတောက်ဖြစ်စေကာ အသက်ကိုပင် အန္တရာယ်ဖြစ်စေသောမှိုများလည်း ရှိပေသည်။  မြန်မာနိုင်ငံတွင် မိုးရာသီ၌ အလေ့ကျပေါက်သော မှိုများစွာရှိသည့်အနက် မှိုနီ၊ မှိုဥနက်တို့မှာ မိုးရာသီ၏ လက်ဆောင် အကောင်းဆုံးအစားအစာဟု အညာဒေသရှိ တောသူတောင်သားများက မှတ်ယူထားဟန် ရှိသည်။ ကောက်ရိုးမှို၊ အပ်မှိုကဲ့သို့သော လူတို့ သိပ္ပံနည်းကျ စိုက်ပျိုးထားသော မှိုများလည်း ရှိပါသည်။ သို့သော် အရသာအားဖြင့် ကွဲလွဲမှုရှိကြောင်းလည်း သိရသည်။ မှိုနီနှင့် မှိုဥနက်တို့သည် မိုးရာသီအတွင်း ပေါက်ကြသော်လည်း မှိုနီမှာ မိုးဦးနှင့် မိုးလယ် အချိန်အခါများတွင် မြေနီကုန်းနှင့် ဆူးပင်ချုံပုတ်များ အတွင်း စိုစွတ်၍ မြေဆွေးပေါများသောနေရာများ၌ ပေါက်ရောက်ကြသည်။ အညာဒေသအခေါ် မှိုဥ နက်မှာ မိုးနှောင်းအချိန်အခါ ကျစ်မြေနှင့် ရွံ့စေးမြေများတွင် ပေါများစွာ ပေါက်ကြသည်။

        မှိုနီ၏ အသွင်အပြင်မှာ မှိုပွင့်၏ထိပ်၌ အနီရောင်သန်းနေသော အနီစက်များပါရှိ၍ ရိုးတံသည် မကြီးမသေး အရွယ်အစားရှိသည်။ မှိုနီကို ချတ်ပြုတ်၍ စားလျှင် ကျိချွဲသောအရသာ အနည်းငယ် ရှိသည်။ မှိုနီကို ချတ်ပြုတ်ကြော်လှော်စားရာတွင် အထူးသတိပြုရမည့်အချက်မှာ ကျက်အောင် ချတ်ပြုတ်ရမည်ဖြစ်သည်။ မကျက်တကျက်ချတ်ပြုတ်စားသောက်မည်ဆိုပါလျှင် မှိုဆိပ် တောက်ခြင်းကို ဖြစ်ပေါ်ကာ အော့အန်ခြင်းဝေဒနာကို ခံစားရစေနိုင်ပါသည်။ ကြက်ဟင်းခါးသီး၊ ကြက်ဥ၊ ခံသီး၊ နို့အမျိုးမျိုး၊ ဂဏန်း ကဲ့သို့သော အစားအသောက်များကို မှိုနှင့် တွဲဖက်၍စားလျှင် အန္တရာယ်ဖြစ်စေနိုင် ကြောင်းလည်း သိရသည်။ မှိုဆိပ်တောက်လျှင် ထန်းလျက်စားသုံးခြင်း၊ ထန်းလျက်ရည်သောက်ခြင်း၊ ကျီးအာမြစ်ကို ဆားနှင့်သွေး၍ သောက်သုံး၍ မှိုဆိပ်ဖြေနိုင်ကြောင်း သိရသည်။

       ယခုနှစ်မိုးရာသီအချိန် မိုးဦးနှင့် မိုးလယ်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော် မြို့နယ်အတွင်း၌ မှိုနီများကို လိုက်လံဝယ်ယူ၍ အနီးဆုံးမြို့ဖြစ်သော မုံရွာမြို့သို့ နေ့စဉ်ရောင်းချနေကြောင်း သိရသည်။ မှိုဝယ်ယူစုဆောင်း ရောင်းချနေသော ဈေးသည်တစ်ဦး၏ ပြောပြချက်အရ ယခုနှစ်တွင် မိုးများစွာ ရွာသွန်း၍ မှိုများစွာပေါက်ကာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ လက်ရှိပေါက်ဈေးအနေဖြင့် မှိုနီတစ်ပိဿာလျှင် လက်လီ (၁၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး မှိုနီတစ်ပိဿာလျှင် ရောင်းဈေး (၁၂၀၀၀)ကျပ်ဖြင့် မုံရွာမြို့ရှိ သံလမ်းဈေး၊ ကန်သာယာဈေးနှင့် မကျီးပင်ဈေးများ၌ ရောင်းချလျှက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)