ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုတွင် စီးပွားဖြစ်စိုက်ပျိုးမှုနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုတို့ရှိကြ သည်။ ဘေးကင်းလုံခြုံသော အစားအစာရရှိရန် ငရုတ်၊ ချဉ်ပေါင်၊ ပျဉ်းတော်သိမ်၊ ဥစားနှင့် အမြိတ်စား ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကန်စွန်းတို့ကို အိမ်ခြံရှိသူများ စိုက်ပျိုးနိုင်သကဲ့သို့ နေ့စဉ် ဈေးကွက်ရှိနေသော ဟင်းသီးဟင်းရွက်ကို စီးပွားဖြစ်ခြံကြီးများဖြင့် စိုက်ပျိုးမှုကလည်း မြို့ပြ ဝန်းကျင်တစ်ဝိုက်တွင် ရှိလာကြပြီဖြစ်သည်။
ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုများပြားသည်မှာ ဆောင်းရာသီဖြစ်၍ ဒုတိယများပြားသည်မှာ မိုးရာသီဖြစ်သည်။ မိုးရာသီတွင် ရေမဝပ်ရန် စိုက်ခင်းဘောင်အမြင့်ဖြင့် စိုက်ပျိုးကြပြီး ဆောင်းရာသီ တွင် စိုက်ခင်းဘောင် အနိမ့်ဖြင့် စိုက်ကြသည်။
ဟင်းသီးဟင်းရွက်မှာ စင်တင်ရသောအုပ်စု၊ စင်မတင်ရသောအုပ်စုနှင့် ချုံပုတ်သဖွယ်စိုက်ပျိုး သော အုပ်စုဟူ၍ (၃)အုပ်စု ခွဲခြားနိုင်သည်။ စင်တင်ရသော ဟင်းသီးဟင်းရွက်တွင် ဘူး၊ ဖရုံ၊ သခွား၊ ပဲတောင့်ရှည်၊ ခဝဲ၊ ပဲလင်းမြွေ၊ တိုင်ထောင် ခရမ်းချဉ် ရှိသည်။
စင်မတင်ရသောအုပ်စုတွင် ငရုတ်၊ ခရမ်း၊ ဒန့်ဒလွန်၊ ဂေါ်ဖီထုပ်၊ ဆလတ်၊ ကြောင်လျှာ၊ ချဉ်ပေါင်၊ ကန်စွန်း၊ မုန်ညင်း၊ ပင်ထောင်၊ ခရမ်းချဉ်၊ ကြက်သွန်၊ ဟင်းနုနယ်၊ နံနံ၊ ပျဉ်းတော်သိမ် စသည်ရှိသည်။
မြို့ကြီးများ၏ ဘေးဝန်းကျင်အနီးအနား၌ အပင်ကို ချုံပုတ်သဖွယ် စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလာကြရာ လူခါးစောင်းခန့်အမြင့်ရှိအောင် ပြုပြင်ကိုင်းဖြတ်ထားသော ဆူးပုပ်၊ မန်ကျည်း၊ ခွေးတောက်၊ ကင်ပွန်းချဉ်၊ ပေါက်ပန်းဖြူတို့စိုက်ပျိုးနိုင်သည်။
လူနေမှုနှင့် ဈေးကွက်အပေါ် မူတည်၍ ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုစနစ်သည် တိုးတက် ပြောင်းလဲလာသည်။ ခြံဝင်းမရှိသူများကလည်း တိုက်ခန်း ဝရန်တာတွင် စိုက်ပျိုးကြသည်။ ခရမ်းချဉ် ဆိုလျှင် စင်တင်နွယ်မျိုးစိုက်ပျိုးမှုများလာသဖြင့် ဒေသကိုင်းသီး(ကိုင်းခရမ်းချဉ်) ရှားလာသည်။ စပ်မျိုးများ၏ အရည်အသွေးနှင့်အထွက်ကောင်းမှုကို လက်ခံလာကြသလို ဒေသမျိုးဟင်းသီးဟင်းရွက် များကိုလည်း မျိုးထိန်းသိမ်းသင့်ပါသည်။ များသောအားဖြင့် ပဲစောင်းလျား၊ ခရမ်းချဉ်၊ ငရုတ်၊ ကန်စွန်း၊ မုန်လာ၊ ဖရုံတို့သည် ပြည်ပမျိုးများ များပြားလာသည်။ ဒန့်ဒလွန်ပင်မျိုးမှာ ခြောက်လမျိုး (ပြည်ပ)စိုက်ပျိုးလာကြသည်။
ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုတွင် မြေကောင်း၊ မျိုးကောင်း၊ မျိုးသန့်ရမည်။ အထွက်ကောင်း ရမည်။ မြေအစိုဓာတ် မပြတ်ရှိရမည်။ ရေမဝပ်ရ။ ပေါင်းလိုက်၊ မြေဆွ၊ ပိုးမွှားနှင့် ရောဂါကာကွယ် ရမည်။ စားသုံးသူဘေးအန္တရာယ်ကင်းစေရန် သဘာဝပိုးသတ်ဆေးများဖြစ်သည့် တမာ၊ ဆပ်ပြာဖျော်ရည် တို့ကို အသုံးပြုနိုင်သည်။ ပိုးနှင့်ရောဂါကို ခူးဖယ်ရှင်း၊ ကောက်ယူဖယ်ရှင်းစနစ်ဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ခင်းများ ပြုလုပ်သင့်သည်။ ကိုယ်တိုင်စိုက်ပျိုးစားသုံးသည်ဆိုကတည်းက ကျန်းမာရေးနှင့် ညီညွတ်သော ဘေးကင်းအစာ၊ ဓာတုဆေးဓာတ်ကြွင်းမပါသည့်အစာကို စားသုံးလို၍ ဖြစ်သည်။
ထို့ကြောင့် မိုးရာသီမှာ ဟင်းသီးဟင်းရွက်စိုက်ပါ။ မိုးများသော ရန်ကုန်တိုင်း၊ ပဲခူးတိုင်း စသည့် ဒေသကြီးများတွင် ပလတ်စတစ် အကြည်စပေါင်းမိုးဖြင့် စိုက်ခင်းဘောင်အရှည်ပေါ်တွင် မိုး၍ စိုက်ပျိုးနိုင်ပါသည်။ နေပူလျှင် ဖွင့်၊ မိုးရွာလျှင် ဖုံးအပ်မှုဖြင့် မိုးမပြတ်ရွာလည်း စိုက်ပျိုးနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)