ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ ကျိုက်သလဲကျေးရွာအုပ်စုသည် တွံတေး-ကော့မှူး ကားလမ်း၏ ဝဲ-ယာ တွင်တည်ရှိသည့် ကျေးရွာအုပ်စုတွင်ပါဝင်သော ကျိုက်သလဲကျေးရွာနှင့် လာကပုံကျေးရွာတို့တွင် ဝါးဖြင့်တောင်း၊ခြင်းမျိုးစုံယက်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်၍ အသက် မွေးဝမ်း ကျောင်းပြုလျက်ရှိပါသည်၊၊ ယခုအခါ ဝါး၊ ခြင်း တောင်းယက်လုပ်ခြင်းကို မိသားစု တစ်ပိုင် တစ်နိုင် လုပ်ငန်းအဖြစ်ဆောင်ရွက်နေပြီး တောင်း၊ ခြင်းအမျိုးအစား အလိုက်မှာယူမှု့ အပေါ် အခြေခံ၍ ကုန် ကြမ်းပေးကုန်ချောယူစနစ်ဖြင့် အငှားပေးကာလုပ်ငန်းလည်ပတ်လျက်ရှိသည်၊၊
ယက်လုပ်ထားသော တောင်း၊ ခြင်းများကို ကိုယ်တိုင်ရောင်းချခြင်းရှိသကဲ့သို့ ပွဲစားများမှ တစ်ဆင့်ရောင်းချခြင်းများရှိကြောင်းသိရှိရသည်၊၊အိမ်အရောက်ဝယ်ယူမှုများရှိသကဲ့သို့ မှာယူသည့် နေရာအရောက်ပစ္စည်းပေးပို့ရသည်များလည်းရှိကြောင်းသိရှိရပါသည်၊၊သီတင်းကျွတ်ပြီးကာလများတွင် ငါးခြောက်ခြင်းသီးသန့်မှာယူမှုများရှိပြီး ဧရာဝတီတိုင်းဒေသကြီး ငါးထုတ်လုပ်ရာ ရေချို၊ရေငံ အရပ်များမှ မှာယူမှု့ပို့များပြီးဖျာပုံနယ်ဘက်မှအများဆုံးမှာယူမှုရှိသည်၊၊ ပဲဆွတ်ခူးရာသီတွင် ပဲတောင်းများကို ခရမ်း/သုံးခွဘက်မှ အများဆုံးဝယ်ယူကြောင်း သိရှိရသည်၊၊ဈေးကွက်မှာယူမှု့အပေါ်လိုက်၍ ဝါးခြင်း/တောင်းများကို ပစ္စည်းမျိုးစုံယက်လုပ်ကြပြီး ကြိုတင်ထုတ်လုပ် ယက်ထားခြင်းမရှိဘဲ မှာယူမှသာ လုပ်ကိုင်ကြသည်၊၊အဓိကကုန်ကြမ်းမှာဒေသထွက်ထီးရိုးဝါး(နှီးဖြာဝါး)ဒေသအခေါ် ဝါးမရောင်း ဖြစ်ပြီး ခြံခုတ်နှင့်အိမ်အရောက်ပို့ဈေးမှာအနည်းငယ်ကွာခြားပြီး ၁၈တောင်ဝါးတစ်လုံးကို ၂၀၀၀ မှ ၃၀၀၀ ထိပေးရသည်၊၊
ကုန်ပစ္စည်းများကို တင်ပို့ရောင်းချရာတွင် ၎င်းပွဲစားများမှတဆင့်ရောင်းချရာတွင် ငွေ လက်ငင်းရခြင်းရှိသလို ခေါက်ပြန်ကြေးပေးထားရသည်များလည်းရှိသည်၊၊အငှားရက်သူသို့ ဝါးဖိုး၊ အလုပ်ခများ ကြိုတင်ပေးထားရသည့် မိသားစုလုပ်ငန်း(ကိုယ်တိုင်)ထုတ်လုပ်သူအတွက် အရင်းအနှီး တစ်လ ကျပ် ၁၀သိန်းမှ ၂၀သိန်းကျပ်ခန့်ရှိကြောင်းသိရှိရသည်၊၊ ဝါးဖြင့်ပြုလုပ်သော တောင်း၊ ခြင်း အမျိုးအစားအလိုက် ပုံသဏ္ဍာန်ကွဲပြားခြားနားသော်လည်း ကုန်ပစ္စည်းထည့်သွင်း သယ်ဆောင်ရာ တွင်လိုသလို အသုံးပြုနိုင်သော ကုန်ပစ္စည်းဖြစ်ကြောင်း သိရှိလေ့လာရပါသည်၊၊ ယက်လုပ်ထားသော တောင်း၊ ခြင်းများမှ အမျိုးအစားအလိုက် ပုံသဏ္ဍာန်ကွဲပြားခြားနားသဖြင့် ရောင်းချသော ဈေးနှုန်းများမှာလည်း ကွဲပြားခြားနားကြောင်း သိရှိရပါသည်၊၊ ကျိုက်သလဲကျေးရွာ အုပ်စုတွင် ဝါးဖြင့် ပြုလုပ်သော တောင်း/ခြင်း လုပ်ငန်းနှင့် မိသားစုတစ်ပိုင်တစ်နိုင် စီးပွားဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ (၂၀)ဦး ခန့်ရှိကြောင်းသိရှိရသည်၊၊၎င်းလုပ်ငန်းမှ ကျေးရွာရှိ လူဦးရေ ၂၀၀ ကျော်ခန့်အား အလုပ်အကိုင် အခွင့်အလမ်းပေးနိုင်ကြောင်း လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားသည်ကို သိရှိရပါသည်၊၊
DOCA(ရန်ကုန်)