ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦး စီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိဝန်ထမ်းများသည် (၁၇.၁၀.၂၀၂၂) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)ရှိ၊ ဒေါ်နန်းကျန် (ထွန်း)အမှတ်တံဆိပ်၊ ဝက်ခေါက်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချ မှုရှိစေရေးတွက် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ရှမ်းပြည်နယ်ရှိ ဒေသရိုးရာအစားအစာများတွင် ဝက်ခေါက်သည် မပါမဖြစ်သော အစားအစာ တစ်ခုဖြစ်သည်။ ဝက်ခေါက်ကို ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ ကော်ညှင်းပေါင်းတို့နှင့်တွဲဖက် စားသုံးကျသည်။ ဝက်ခေါက်ကြော်ပြုလုပ်ရာတွင် လိုအပ်သောကုန်ကြမ်းပစ္စည်းများမှာ ဝက်ခေါက် အစိုနှင့် စားသုံးဆီတို့ပင်ဖြစ်ပါသည်။ ဝက်ခေါက်ကြော်ပြုလုပ်ရာတွင် ဝက်သရေခေါက်အစိုကို ဦးစွာနူးအောင်ပြုတ်ကာ ပါးပါးလှီးပြီးခြောက်အောင် နှစ်ရက်ခန့်နေလှန်းရပါသည်။ ခြောက်အောင် နေလှန်ထားသော ဝက်ခေါက်ကို စားသုံးဆီသန့်ဖြင့်ရော၍ တစ်ရက်ခန့်စိမ်ထားပြီးလျှင် အသင့် ကြော်စားနိုင်သော ဝက်ခေါက်အဆင့်သို့ရောက်ရှိလာပါသည်။ ထို့သို့စိမ်ထားသော ဝက်ခေါက်ခြောက် များကို ဆီစစ်ပြီး ပလပ်စတစ်အိတ်များနှင့် လေလုံအောင်ထုတ်ပိုပြီးလျှင် နေရောင်ခြည်တိုက်ရိုက် ထိတွေ့မှုမရှိသော သန့်ရှင်းလတ်ဆတ်သော နေရာတွင်ထားသည်ကိုတွေ့ရှိရပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ထုတ်လုပ်သော ဝက်ခေါက်ကြော်သည် ဒေသခံ တိုင်းရင်းသားများ နှစ်သက်စွာစားသုံးကြသော ရိုးရာအစားအစာ တစ်ခုဖြစ်သကဲ့သို့ ဝက်ခေါက်ကြော် လုပ်ငန်းပိုင်ရှင်သည်လဲ မိသားစုဝင်ငွေရရှိနေသော တစ်ပိုင်တစ်နိုင်အိမ်တွင်း စီးပွားရေးလုပ်ငန်းများ အဖြစ်အဆင်ပြေနေပါကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ရှမ်း)