Main menu

ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ မြေနူကျွန်းများ၌ ပဲနီကြားများ ရာသီအမီ စိုက်ပျိုးလျှက်ရှိ

Powered by Drupal

       မုံရွာမြို့ အနောက်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ရေဝင်ဒေသများဖြစ်ကြသည့် ရွာရှည်အုပ်စု လက်ပန်းတောင်းအုပ်စုနှင့် တုံအုပ်စုရှိ ကျေးရွာများမှ ပဲမျိုးစုံသီးနှံကို အဓိကစိုက်ပျိုး ကြောင်းသိရသည်။ အဆိုပါ ကျေးရွာများလည်းမြေနူကျွန်းနှင့် ရေတင်အင်းမြေများတွင် ယခင်ကမြေပဲ သီးနှံကို အဓိကစိုက်ပျိုးခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် စိုက်ပျိုးစရိတ်သက်သာပြီး ဈေးကွက် ရရှိနေသည့် ပဲနီကြားများကို ပိုမိုစိုက်ပျိုးလာကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

   ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ မြေနူကျွန်းများ၌ ပဲနီကြားသီးနှံကို နှစ်စဉ် ဧက(၇၀၀)ကျော် ပုံမှန်စိုက်ပျိုးကြောင်း၊ ယခုနှစ် အောက်တိုဘာလဆန်းပိုင်မှ စတင်စိုက်ပျိုးခဲ့သော်လည်း မိုးအဆက် မပြတ်ရွာသွန်းနေသည့်အတွက် အောက်တိုဘာလ ဒုတိယပတ်မှသာ ဆက်လက်စိုက်ပျိုးခွင့်ရရှိခဲ့ ကြောင်း တောင်သူအများစုမှ ရာသီအမီ အင်နှင့် အား နှင့် စိုက်ပျိုးလျက်ရှိကြောင်း၊ ယခင်နှစ်က မိုးနှေင်းရွာသွန်းခဲ့ခြင်းမရှိသည့်အတွက် တောင်သူအများစု ရေပေးသွင်းပြီးစိုက်ပျိုးခဲ့ရကြောင်း၊ ပဲ ပေါ်ချိန်ဈေးကောင်းရရှိခဲ့သည့်အတွက် တောင်သူများ အကျိုးအမြတ်ရရှိခဲ့ကြောင်း ဒေသခံတောင်သူ များထံမှ သိရှိရပါသည်။

       ပဲနီကြားသီးနှံမှာ စိုက်ပျိုးရလွယ်ကူပြီး ထွန်ရေးပြုပြင်စရိတ်နှင့် သွင်းအားစုစရိတ်သက်သာခြင်း၊ ဈေးနှုန်းနှင့် ဈေးကွက်ရရှိနေခြင်းများကြောင်း‌တောင်သူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးလာ ကြောင်း၊ ရာသီဥတုကောင်းမွန်ပါက တစ်ဧက (၂၀)တင်းခန့် ထွက်ရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ် အနေဖြင့် (၂)သိန်းကျော်သာ ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်တင်းလျှင် (၄၀၀၀၀)‌ကျပ် ရရှိခဲ့ သည့်အတွက် တစ်ဧက (၇)သိန်းဝန်းကျင်ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း တောင်သူဦးဌေးလွင်၏ ပြောပြချက်အရ သိရှိပါသည်။

     ယခုလက်ရှိ ဈေးကွက်အတွင်း၌ ပဲနီကြားလက်ကျန်နည်းပါလာသည့်အတွက် နေ့စဥ်ပေါက် ဈေးနှုန်း မထွက်ရှိကြောင်း၊ မျိုးပဲများအဖြစ် ဝယ်ယူမှုရှိနေကြောင်း၊ ပဲနီကြား တစ်တင်းကို (၄၈၀၀၀) ကျပ်မှ (၅၀၀၀၀)ကျပ်အထိ ပေါက်ဈေးရှိကြောင်း၊ ပုံမှန်အားဖြင့် ဒေသတွင်း ပဲကြော်ဖိုနှင့် စက်သမား များအပြင် မန္တလေး၊ ပဲခုက္ကူမြို့များမှလည်း ဝယ်လိုအားရှိနေသည့်အတွက် တောင်သူများ ပိုမိုစိုက်ပျိုး လာကြောင်းပဲကုန်သည်တစ်ဦး၏ သုံးသပ်ပြောကြားချက်များအား ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)