Main menu

တိုးချဲ့စိုက်ပျိုးသင့်သည့် ဝင်ငွေကောင်းသော အစေ့ထုတ်ပြောင်း

Powered by Drupal

            အစေ့ထုတ်ပြောင်းသီးနှံသည် ပြည်တွင်း မွေးမြူရေးအစားအစာနှင့်ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် အရေးပါသော သီးနှံတစ်မျိုးဖြစ်ပါသည်။ အစေ့ထုတ်ပြောင်းသီးနှံကို တောင်ပေါ်ဒေသများတွင် ဧကရီ၊ ရေဆင်းစပ်မျိုး(၃)နှင့် ရေဆင်းစပ်မျိုး(၅)တို့ကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေပြန့်ဒေသများတွင် ရွှေဝါ(၁)၊ စူဝမ်(၃)၊ ရေဆင်းစပ်မျိုး(၂)၊ ရေဆင်းစပ်မျိုး(၃)၊ ရေဆင်းစပ်မျိုး(၄)နှင့် ရေဆင်းစပ်မျိုး (၅) တို့ကို အဓိကထားပျိုးကြပါသည်။

           အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် ရေစိမ့်ဝင်မှုကောင်း၍ ရေမဝပ်သောမြေ၊ နုန်းမြေ၊ စနယ်မြေ၊ သဲနုန်းမြေ၊ မြေနီနှင့် စနယ်မြေနက်တို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် မိုးရာသီ တစ်ဧက အပင်ဦးရေ ၂၃၀၀၀ မှ ၂၅၀၀၀၊ မိုးနှောင်း/ဆောင်းရာသီ တစ်ဧက အပင်ဦးရေ ၁၇၀၀၀ မှ ၂၀၀၀၀ ထိ ရရှိအောင် စိုက်ပျိုးရန် လိုအပ်ပါသည်။ တစ်ဧကတွင် ရှိသင့်သည့် အပင်ဦးရေမပြည့်ပါက အထွက်နှုန်းကျဆင်းနိုင်ပါသည်။ အပင်ပေါက်စုံပြီး ၁၄ ရက်သားတွင် မဖြစ်မနေ သားခွဲပြီးပင်ခြေကို မြေဆွပေးရန် လိုအပ်ပြီး အပင်ပေါက်စုံပြီး ၃၅ မှ ၄၀ ရက်သားတွင် ဘောင်တင်ပေးရန် လိုအပ်ပါသည်။ မြေအစိုဓါတ်ပေါ်မူတည်၍ မျိုးစေ့ အတိမ်အနက်ကို ၂ လက်မမှ ၂.၅ လက်မ ထား၍ စိုက်ပျိုးသင့်ပါသည်။

        သွင်းအားစုအနေဖြင့် နွားချေး သို့မဟုတ် သစ်ဆွေးမြေဩဇာနှင့် ဓါတ်မြေဩဇာများကို မြေမပြုပြင်မီ ညီညာစွာ ထည့်သွင်းရန်လိုအပ်ပါသည်။ အပင်(၁)လသား အရွယ်တွင် ကျရောက်တတ်သော ရွက်စားပိုးနှင့်ပျပိုး၊ ပန်းပွင့်ချိန်တွင် မိုးပြတ်ပါက ကျရောက်တတ်သော ပျပိုးများကို ထိသေ ပိုးသတ်ဆေး များဖြင့် အချိန်မှီ နှိမ်နင်းရန် လိုအပ်ပါသည်။

          အစေ့ထုတ်ပြောင်းတွင် ကျရောက်တတ်သော ရောဂါများကို ကာကွယ်ရန်အတွက် အပင်ပေါက် စုံသည်မှ (၄)ပတ်သားအထိ ပေါင်းလုံးဝကင်းစင်စေရန် ကြားပေါင်းလိုက်ပေးရန်လိုပါသည်။ အစေ့ထုတ်ပြောင်းစေ့အား နို့ရည်တည်ချိန်မှ စတင်၍ ဖျက်ဆီးတတ်သော ကြွက်၊ ခွေး၊ ကြက်တူးရွေးနှင့် ရှဉ့်တို့၏ အန္တရာယ်အား ကာကွယ်ရန်လည်း လိုအပ်ပါသည်။

       ပြောင်းဖူးဖက်သည် အဝါရောင်သန်းပြီး အစေ့ထုတ်ပြောင်းရိုးညှာတွင် အညိုရောင်ကွင်းကို တွေ့ရချိန်တွင် ရိတ်သိမ်းရန်လိုအပ်ပြီး ရိတ်သိမ်းပြီး ချက်ချင်းဖက်ခွာ၍ နေလှန်ရန်၊ ဖက်ခွာပြီး အဖူးများကို စုံပြုံထားခြင်း မပြုရပါ။ စုပုံထားသော အဖူးများတွင် မှိုအလွယ်တကူတက်၍ အစေ့ထွက်နှင့်အရည်အသွေးပါ ကျဆင်းစေပါသည်။ ဖက်ခွာနေလှန်းခြင်းကို ၅ ရက်မှ ၇ ရက်ခန့်ပြုလုပ်ပြီး အစေ့ခြွေရန်နှင့်အစေ့များကို ထပ်မံနေလှန်ရန် လိုအပ်ပါသည်။ အစေ့များကို အစေ့တွင်း အစိုဓါတ် ၁၅ ရာခိုင်နှုန်းအောက်ကျစေရန် နေလှန်းရန် လိုအပ်ပြီး နေလှန်းရာတွင် အထူ ၂ လက်မခွဲ မှ ၃လက်မအထိ ညီညာစွာနေလှန်းရန် လိုအပ်ပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မိုးစိုက်ဧက(၂၁၀၆၀၈)ဧကနှင့် ဆောင်းစိုက်ဧက(၂၅၀၂၅)ဧက၊ စုစုပေါင်း(၂၃၅၆၃၃) စိုက် ပျိုးခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စက်တင်ဘာလကုန်အထိ မိုးစိုက်ဧက(၁၅၇၆၂၃)ဧက စိုက်ပျိုးပါကြောင်း၊ ကန့်ဘလူခရိုင်၊ ကလေးခရိုင်၊ ရွှေဘိုခရိုင်နှင့် စစ်ကိုင်းခရိုင်တို့တွင် အများဆုံး စိုက်ပျိုးပြီး ယခုနှစ်တွင် လုပ်အားခများပြားခြင်း၊ လုပ်သားရှားပါးခြင်းနှင့်ရာသီဥတုအခြေအနေပေါ်မူတည်ပြီး အစေ့ထုတ်ပြောင်း(CP)ကိုပိုမို စိုက်ပျိုးလာကြကြောင်း၊ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်(၄)သိန်းခန့် ကုန်ကျပါကြောင်း၊ ပေါက်ဈေးအနေဖြင့် ယခင်နှစ် အောက်တိုဘာလက တစ်တင်းလျှင် (၁၀၅၀၀) ကျပ်၊ ယခုနှစ် တစ်တင်းလျှင် (၁၇၈၀၀)ကျပ်ရရှိပါသဖြင့် ယခင်နှစ်ကာလတူ နှင့်နှိုင်းယှဉ်လျှင် (၇၃၀၀)ကျပ် ပိုမိုရရှိပါကြောင်း၊ တစ် ဧကပျှမ်းမျှအထွက်နှုန်း အနေဖြင့် (၇၀)တင်း ထွက်ရှိပါသဖြင့် တစ်ဧကဝင်ငွေအနေဖြင့် ကျပ်(၁၂)သိန်းကျော်ခန့် ရရှိပါသဖြင့် တစ်ဧကအကျိုး အမြတ် အနေဖြင့် ကျပ်(၈)သိန့်ခန့် ရရှိကြောင်း၊ ပဲတီစိမ်းသီးနှံ ကဲ့သို့ လုပ်သားအင်အား အသုံးမပြုရသည့်အပြင်  ပြည်တွင်းမွေးမြူရေးအစားအစာနှင့် ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် အရေးပါသော သီးနှံတစ်မျိုး ဖြစ်သည့်အတွက် အစေ့ထုတ်ပြောင်းသီးနှံကို ပိုမို တိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုး ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(စစ်ကိုင်း)