Main menu

တောင်ငူခရိုင် ဖြူးမြို့နယ်တွင် အသေးစားအိမ်တွင်းမှုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစောမင်းသူဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ နှင့်အတူ အောက်တိုဘာလအတွင်း ဖြူးမြို့ပေါ်ရှိ အသေးစားအိမ်တွင်းမှုလုပ်ငန်းများသို့ ကွင်းဆင်း လေ့လာ ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါ သည်။

       မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဖြူးမြို့ ပဲခူးလမ်း တောင်ပိုင်းရှိ အေးအေးခိုင် ပဲချောင်းနှင့်မုန့်ကြိုးလိမ်လုပ်ငန်းသို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ရာ လုပ်ငန်းရှင် ဒေါ်အေးအေးခိုင်က ပဲချောင်းနှင့် မုန့်ကြိုးလိမ်ထုတ်လုပ်ပုံ၊ ဖြန့်ဖြူး ရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ အေးအေးခိုင်ပဲချောင်းနှင့် မုန့်ကြိုးလိမ် လုပ်ငန်းသည် ပုဂံ ညောင်ဦး ဒေသမှ ပဲချောင်းပြုလုပ်သည့်နည်းပညာဖြင့် ဖြူးမြို့တွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က စတင် လုပ်ကိုင်ခဲ့ရာ ယခုအခါ ဒေသတွင်း အောင်မြင်နေသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။

      ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ဖြူးမြို့၊ ထန်းကုန်းရပ်ကွက် လမ်း ၃၀ ရှိ ခြင်္သေ့မင်း မြေပဲယိုလုပ်ငန်းသို့သွားရောက်လေ့လာရာ လုပ်ငန်းရှင် ဒေါ်သောင်းကြည်က မြေပဲယို၊ သကြား မြေပဲယိုနှင့် နှမ်းယိုထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ခြင်္သေ့ မင်း မြေပဲယိုလုပ်ငန်းသည် မိရိုးဖလာ လုပ်ကိုင်ခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသတွင်း အောင်မြင်နေသည့် စားသောက်ကုန်ထုတ်လုပ်ငန်းဖြစ်ပါသည်။

       ထို့နောက် ပူးပေါင်းအဖွဲ့သည် ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ခြံကြီးမြိုင်ရှိ ဦးစိုးလင်း၏ ဆံပင်ရောင်းဝယ်ရေးလုပ်ငန်းသို့‌ ရောက်ရှိလေ့လာရာ ပိုင်ရှင်ဦးစိုးလင်းက ရောင်းဝယ် ဖောက်ကားမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာလုပ်ငန်းရှင်များ၏ အခက်အခဲများကို မေးမြန်းဆွေးနွေးပြီး သက်ဆိုင်ရာဌာနများအလိုက် ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ပဲခူး)