Main menu

မိုးစပါး ကောက်သစ်ပေါ်ချိန် ဆင်း(၃)စပါးသစ် တစ်တင်း ခုနစ်ထောင်ကျပ် ဈေးဖွင့်

Powered by Drupal

           ကသာခရိုင်၊ ကောလင်းခရိုင်များတွင် ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးကောက်သစ်အား အောက်တိုဘာလ နောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းနေကြပြီဖြစ်သည်။ ယခုရိတ်သိမ်းသောစပါးမှာ ကောက်စော ဆင်းဧကရီ (၃) ခေါ် ဆင်း(၃)စပါးဖြစ်ပြီး စတင်ပေါ်ချိန် တစ်တင်း ၇၀၀၀ ကျပ်ဈေးဖွင့်ကြောင်း သိရသည်။

     ၂၀၂၂-၂၀၂၃ ခုနှစ် ကသာခရိုင် မိုးစပါးစိုက်ဧက (၁၇၃၆၀၈)ဧကနှင့် ကောလင်းခရိုင် စိုက်ဧက (၁၉၉၈၅၁)ဧက စိုက်ပျိုးကြောင်း သိရသည်။ စိုက်ပျိုးသောစပါးအမျိုးအစားမှာ ဆင်း-၃၊ ဧရာမင်း၊ မှော်ဘီ-၂၊ လုံးသွယ်မွှေး၊ ကောက်ညှင်းစပါးတို့ဖြစ်သည်။ ယခုနှစ် စပါးသစ်ပေါ်ချိန် ဆင်း-၃ စပါးမှာ တစ်တင်း ၇၀၀၀ ကျပ်ဈေးဖွင့်သောကြောင့် ယခင်နှစ်ကာလတူ ဖွင့်ဈေးထက် တစ်တင်း ၁၀၀၀ ကျပ် မြင့်တက်ကြောင်းသိရသည်။ ယခင်နှစ် စပါးဟောင်းဈေးနှုန်းများ မြင့်တက်နေမှုကြောင့် စပါးသစ်လည်း ၎င်းအရှိန်ဖြင့် မြင့်တက်ခြင်းဖြစ်ကြောင်း၊ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ပြန်ကျဆင်းသွားနိုင်ကြောင်း ဈေးကွက်မှသိရသည်။

      ဆန်စက်လုပ်ငန်းရှင်အများစုမှာ လမ်းပမ်းဆက်သွယ်ရေးကောင်းသော မြို့ပေါ်တွင်ရှိကြပြီး ကုန်ကြမ်းစပါးထွက်သောဒေသမှာ ကျေးလက်တောရွာများတွင် ရှိကြသည်။ ကျေးလက်ဒေသမှ မြို့ပေါ် ဆန်စက်ကြီးများသို့ စပါးတင်ပို့ရောင်းချရာတွင် နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိခြင်းနှင့် လမ်းကြော ပိတ်ဆို့မှုများကြောင့် ကုန်စည်တင်ပို့ရောင်းချရာတွင် အဆင်ပြေချောမွေ့မှုမရှိကြောင်း ဆန်စက်လုပ်ငန်းရှင်များထံမှ သိရသည်။      

DOCA(စစ်ကိုင်း)