Main menu

ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။ အောက်တိုဘာလ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘို ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲမှ ဝန်ထမ်းတစ်ဦးနှင့် ရေဦးမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ အချက်အလက်များသိရှိနိုင်ရန် ကုန်စည်ဒိုင် ဒု-ဥက္ကဌ၊ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ယခင်က ရွှေဘိုမြို့ရှိ ဘုရင့်ရုပ်ရှင်ရုံတွင် ပဲ၊ နှမ်းများကို စတင်အရောင်းအဝယ်ပြုလုပ်ခဲ့ရာမှ (၃)နှစ်ခန့် အရောင်း အဝယ်လုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် နေရာတစ်ခုသတ်မှတ်၍ အစုအဖွဲ့ဖြင့်ဆောင်ရွက်နိုင်ရန် ယခုလက်ရှိတည်ရှိသည့် ပဲ၊ နှမ်းကုန်စည်ဒိုင်ကို ၂၀၀၂ခုနှစ်မှစတင်၍ ဖွဲ့စည်းခဲ့ပြီး အရောင်းအဝယ် လုပ်ငန်းများဆောင်ရွက်ခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပဲ၊ နှမ်းကုန်စည်ဒိုင်ကို အလုပ်အမှုဆောင်အဖွဲ့(၁၀)ဦးဖြင့် ဖွဲ့စည်းထားရှိပြီး အလုပ်အမှုဆောင်အဖွဲ့၏သက်တမ်းကို (၂)နှစ် သတ်မှတ်ထားပါကြောင်း၊ နေ့စဉ်ရောင်းဝယ်မှုဈေးနှုန်းအနေဖြင့် မန္တလေးဈေးကွက်ကိုအခြေခံ၍ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် ရောင်းဝယ်ပြုလုပ်လျက်ရှိကြောင်း၊ တောင်သူများမှ ပွဲရုံသို့ပို့ထားသည့် ပစ္စည်းနမူနာကို ပွဲစားများမှ ကုန်စည်ဒိုင်သို့ယူဆောင်လာပြီး ရောင်းဝယ်ပြုလုပ်ကြကြောင်း၊ လက်ရှိအချိန်၌တစ်ရက်လျှင် မြေပဲဆံတစ်တင်းခွဲဝင်အိတ်(၂၀၀)ခန့်နှင့် အစေ့ထုတ်ပြောင်း တစ်တင်းခွဲဝင် အိတ်(၁၀၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်ဒိုင်အနေဖြင့် သင်းဖွဲ့စည်းမျဉ်းရှိပြီး အသင်းသားအရေအတွက်(၁၀၀)ခန့်ရှိကြောင်း၊ အသင်းသို့ဝင်ရောက်လိုပါက အသင်းသားတစ်ဦးလျှင် အသင်းဝင်ကြေးခုနှစ်သိန်းကျပ်၊ နှစ်စဉ်ကြေးခုနှစ်သောင်းကျပ်နှင့် ကိုယ်စားလှယ်တစ်ဦးလျှင် နှစ်စဉ်ကြေး ငါးသောင်းကျပ် သတ်မှတ်ထားပါကြောင်း၊ ကုန်စည်ဒိုင်အနေဖြင့်လွှမ်းခြုံနိုင်သည့် သီးနှံများမှာ ပဲစဉ်းငုံ၊ မြေပဲဆံနှင့် နှမ်းသီးနှံများဖြစ်ပြီး တစ်နှစ်လုံးအဓိကအရောင်းအဝယ်ပြုလုပ်သည့်အပြင် ရွှေဘိုဒေသမှ ထွက်ရှိသည့်ပဲစဉ်းငုံသည် တစ်နိုင်ငံလုံးတွင် နာမည်ကြီးသည်ဟုသိရကြောင်း၊ ကျန်သီးနှံအနေဖြင့် အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်းများအပြင် အခြားပဲ မျိုးစုံအနည်းငယ်လည်းအရောင်းအဝယ်ဖြစ်ကြောင်း၊ လွှမ်းခြုံချိတ်ဆက်ဝယ်ယူသည့်ဒေသမှာ ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်တို့ဖြစ်ပြီး ပြန်လည်ရောင်းချသည့် ဒေသမှာ မန္တလေးသို့အဓိကတင်ပို့ပြီး ပဲစဉ်းငုံကို ရန်ကုန်သို့လည်းတင်ပို့ကြောင်း၊ ယခင်ကတောင်သူများကို မိမိ၏ယုံကြည်မှုဖြင့် သီးနှံကြိုတင်ငွေထုတ်ပေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း Covid-19ကာလမှ စတင်၍ယနေ့အချိန်ထိ ဆောင်ရွက်ခြင်းမရှိတော့ကြောင်း၊ အရောင်းအဝယ်ပြုလုပ်ရာတွင် လက်ငင်း ပေးချေသည့်နည်းလမ်းကို အသုံးပြုပြီး ကြိုရောင်း၊ ကြိုဝယ်ပြုလုပ်ခြင်းလည်းမရှိကြောင်း၊ ကုန်စည်ဒိုင်မှ နှစ်စဉ်အရောင်းအဝယ် ပြုလုပ်နိုင်မှုငွေကြေးတန်ဖိုးမှာ တစ်နှစ်ထက်တစ်နှစ်သီးနှံဈေးနှုန်းများ မြှင့်တက် လာသည့်အပေါ်မူတည်၍ တိုးမြှင့်လာကြောင်း၊ အသင်း၏နှစ်ပတ်လည်အစည်းအဝေးကို ၂နှစ်တစ်ကြိမ် ကျင်းလျက်ရှိကြောင်း၊ ကုန်စည်ဒိုင်အနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနဖြင့်သာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး အခြားသောအစိုးရဌာနများ၊ နယ်များရှိရုံးခွဲများ နှင့်ချိတ်ဆက်ဆောင်ရွက်မှုမရှိကြောင်း၊ ဒေသတွင်းရှိ တောင်သူ၊ လယ်သများ၊ ကုန်သည်များနှင့် ချိတ်ဆက်ပြီး ကုန်ကြမ်းဝယ်ယူ၍ ဒေသပြင်ပရောင်းချမှုအနေဖြင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့သာ ကုန်ကြမ်းပြန်လည်ရောင်းချပြီး ပြည်ပမှဝယ်ယူသူများနှင့်ချိတ်ဆက်၍ ရောင်းချမှုမရှိကြောင်း၊ ပြည်တွင်း ဆွေးနွေးပွဲအနေဖြင့် ရန်ကုန်၊ မူဆယ်နှင့် မုံရွာတွင်ကျင်းပသည့် ဆွေးနွေးပွဲများကို တက်ရောက်ခဲ့ပြီး ကုန်စည်ပြပွဲများတွင် ပါဝင်ပြသမှုမရှိသေးကြောင်း၊ ရွှေိဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် မိမိတို့ အသင်းဝင်သက်တမ်းတစ်လျှောက်လုံးတွင် အသင်းဝင်အချင်းချင်း အငြင်းပွားမှုလည်းမရှိကြောင်း၊ ကုန်စည်ဒိုင်အနေဖြင့် ရွှေဘိုမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပသည့် ကထိန်ပွဲတော်တွင် နှစ်စဉ် ပါဝင်လှူဒါန်းလျက်ရှိကြောင်း၊ ကုန်စည်ဒိုင်အသင်းဝင်များအတွက် သီးနှံရောင်းဝယ်ရာတွင် ရင်းနှီးမြှုပ်နှံ ရန်အတွက် ချေးငွေလိုအပ်သဖြင့် ချိတ်ဆက်၍ ပံ့ပိုးကူညီပေးစေလိုကြောင်းနှင့် ရွှေိဘိုကုန်စည်ဒိုင်အနေဖြင့် အခြားသောတိုင်းဒေသကြီးများနည်းတူ UMFCCI အသင်းဝင်ပြီး လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်လိုကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)