Main menu

ဟုမ္မလင်းဒေသထွက်လ္ဘက်စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

         ရှေးယခင်ကာလများတွင်ပင် လ္ဘက်ဆိုလျှင်ရှမ်းပြည်နယ် နောက်ပိုင်းချင်းပြည်နယ်တို့မှ ထွက်ရှိသည်ဟု လူအများသိရှိခဲ့ကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်တွင် လ္ဘက်စိုက်ဧက ( ၈၆၀၀ ) ဧကစိုက်ပျိုးထားလျှက်ရှိကြောင်း၊ သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနမှ လေ့လာမှုများအရ သိရှိရပါသည်။ မူရင်းလ္ဘက်မျိုးရင်းမှာ ရှမ်းပြည်နယ်မျိုးများကို မဏိစည်သူမင်း လက်ထက်မှ စတင်စိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးပြီး( ၇ ) နှစ်ခန့်ကြာမှ လ္ဘက်ရွက်နုများ စတင်စွက်ခူးရပါကြောင်း၊ ဟုမ္မလင်းမြို့နယ်တွင် လ္ဘက်စိုက်ပျိုးသူ ဒေါ်မာဝင်းထံမှ စုံစမ်းသိရှိရပါသည်။

      ဟုမ္မလင်းမြို့နယ်မှထွက်ရှိသည့် လ္ဘက်များသည် ရှမ်းပြည်နယ်ဒေသထွက် လ္ဘက်များကဲ့သို့ နုညံ့မှုမရှိဘဲ လ္ဘက်သားအနည်းငယ်ကြမ်းတမ်းကြောင်း၊ လ္ဘက်အရည်အသွေးနိမ့်ကျရခြင်းမှာ ဒေသရာသီဥတုကွဲပြားခြားနားမှုများကြောင့်၎င်း နည်းပညာများရယူရန်အတွက် ခရီးမိုင်ဝေးကွာ ခြင်းကြောင့်ဟု ဒေသခံလ္ဘက်လုပ်ငန်း ဆောင်ရွက်သူ ဒေါ်မာဝင်းက ပြောကြားပါသည်။ ဟုမ္မလင်းဒေ သတွင် လ္ဘက်စိမ်းခူးယူပြီး ပထမအဆင့်ပေါင်းခံ၍ ( ၈ )လခန့်ကြာနှပ်ထားရပြီး စားသုံးရန်အသင့် လ္ဘက်စိမ်းများရရှိပါကြောင်း၊ ဟုမ္မလင်းဒေသထွက်လ္ဘက်အစို၊ လ္ဘက်အခြောက်များကို သဘာဝ အရောင်ဖြင့်သာ ရောင်းချကြပြီး အခြားဓာတုဗေဒ ဆိုးဆေးများလုံးဝ သုံးစွဲခြင်းမပြုကြောင်း ယခုကဲ့သို့ ပွင်းလင်းရာသီတွင် ရောင်းအားကောင်းလာကြောင်း သိရှိရပါသည်။

      စျေးနှုန်းအနေဖြင့် လ္ဘက်အစိမ့် ( ၁ ) ပိဿာ ( ၄၀၀၀ ) ကျပ်၊ လ္ဘက်ခါး( ၁ ) ပိဿာ ( ၂၀၀၀ ) ကျပ်၊ လ္ဘက်ခြောက်( ၁ ) ပိဿာ ( ၇၀၀၀ကျပ်မှ ၁၀၀၀၀ကျပ် )အထိ ပေါက်စျေးရှိပြီး ဈေးကွက်အနေဖြင့်  မြို့နယ်တွင်း၊ မြို့မဈေးနှင့် ဟုမ္မလင်းနယ်တစ်ဝိုက်ရောင်းချလျှက်ရှိပြီး ရန်ဖန်ရံခါ မုံရွာမြို့သို့လည်းတင်ပို့လျှက်ရှိပါသည်။

DOCA(စစ်ကိုင်း)