ဆန်ခေါက်ဆွဲသည် မြန်မာတိုင်းရင်းသားတို့နှစ်သက်စွာ စားသုံးကြသည့် အစားအစာတစ်မျိုးဖြစ်ပါသည်။ ရှေးယခင်ကပင် ဆန်ခေါက်ဆွဲကို လက်မှုပညာနှင့်ပြုလုပ်ကြပြီး တနိုင်တပိုင်ရောင်းချခဲ့ကြပါသည်။ နည်းပညာထွန်းကားလာမှုနှင့်အတူ မြန်မာ့ဆန်ခေါက်ဆွဲကို ခေတ်မီနည်းပညာ၊ ခေတ်မီ စက်ကရိယာများဖြင့် နည်းစနစ်တကျ၊ ရှေးမူမပျက်ထုတ်လုပ်လာကြပြီး ကြာရှည်အထားခံသည့် ဆန်ခေါက်ဆွဲခြောက်များ ထုတ်လုပ်လာကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဂျုံခေါက်ဆွဲခြောက်နှင့် ဆန် ခေါက်ဆွဲခြောက်များကို ပြည်ပမှ တင်သွင်းနေရသည်ဖြစ်ရာ ဆန်ခေါက်ဆွဲခြောက်လုပ်ငန်းသည် သွင်းကုန်အစားထိုးလုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။ ဆန်ခေါက်ဆွဲခြောက် ထုတ်လုပ်ရောင်းချမှု အခြေအနေများ၊ အခက်အခဲနှင့်စိန်ခေါ်မှုများကို သိရှိနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်နှင့်အဖွဲ့သည် မုံရွာစက်မှုဇုန်ရှိ ရွှေလီခေါက်ဆွဲခြောက်လုပ်ငန်းရှင်ဦးဇော်ထွန်းထံသွားရောက်လေ့လာဆွေးနွေးခဲ့ရာ ရွှေလီခေါက်ဆွဲစက် ကို ၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါကြောင်း၊ စတင်ဆောင်ရွက်စဥ်ကတော့ ရင်းနှီးမြုပ်နှံမှုတန်ဖိုးအနေနဲ့ ကျပ်သိန်း၃၀ ဝန်းကျင်ပဲ ရှိခဲ့ပါကြောင်း၊ ခုချိန်မှာတော့ ခေတ်မီစက်တွေ ထပ်ဖြည့်ပြီး လုပ်ငန်းတိုးချဲ့ ဆောင်ရွက်လာတာဖြစ်တဲ့အတွက် ရင်းနှီးမြုပ်နှံမှု တန်ဖိုးအားဖြင့် ကျပ်သိန်း ၁၅၀၀ ကျော် ရှိပါကြောင်း၊ ဆန်ခေါက်ဆွဲခြောက်ထုတ်လုပ်ပါကြောင်း၊ ခေါက်ဆွဲခြောက်အကျိုးအကြေတွေ ကိုတော့ ဆန်ချောင်းကြော် အချိုနဲ့အစပ်အရသာ ထုတ်ကြောင်း၊ တစ်နှစ်ထုတ်လုပ်နိုင်မှု တန်ဖိုးအားဖြင့် ကျပ်သိန်းခြောက်ထောင်ကနေ ကျပ်သိန်းရှစ်ထောင် ဝန်းကျင်ခန့် ရှိပါကြောင်း၊ ဆန်ခေါက်ဆွဲခြောက်များကို မုံရွာမြို့နယ်ဝန်းကျင်မှာ ရောင်းပါကြောင်း၊ ဆန်ချောင်းကြော်ကိုတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် တို့မှာဖြန့်ပါကြောင်း၊ အဓိက ကုန်ကြမ်းများမှာ ဆန်လတ်(ဆန်ကွဲကြီး)နဲ့ ဆန်ဖြစ်ပါကြောင်း၊ ဒေသတွင်းမှာပင် လုံလုံ လောက်လောက် ဝယ်ယူရရှိပါကြောင်း၊ ဆန်လတ်လက်ရှိပေါက်စျေး လေးသောင်းကျပ်ဝန်းကျင် ရှိပါကြောင်း၊ ဆန်ကတော့ ငါးသောင်းကျပ်ဝန်းကျင်ရှိပါကြောင်း၊ ဆန်ချောင်းကြော်မှာသုံးတဲ့ အနံ့၊ အရသာမှုန့်ကိုတော့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာက ခွင့်ပြုတာတွေကိုပဲ သုံးပါကြောင်း၊ Myanmar Chemical Mark Co., Ltd. ကနေ ဝယ်ယူပါကြောင်း၊ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ စားသောက်ကုန်တွေ ထုတ်လုပ်နိုင်ဖို့၊ အစားအသောက်ထုတ်လုပ်ရာမှာလည်း HACCP guideline များနဲ့ ထုတ်လုပ်ဖို့၊ စျေးကွက်ဝေစုများများရနိုင်ဖို့၊ လုပ်ငန်းရှင်၊ အလုပ်သမား၊ စားသုံးသူသုံးဦးလုံး ကောင်းကျိုးတွေကို မျှဝေခံစားရရှိနိုင်ဖို့ ရည်မှန်းချက်တွေထားပြီး ကြိုးစားဆောင်ရွက်လျှက်ရှိပါတယ်လို့ ပြောချင်ပါကြောင်း ပြောကြားခဲ့ပါသည်။
DOCA(စစ်ကိုင်း)