
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် တာဝန်ခံဦးဇော်ဇော်ထွေး နှင့် ဝန်ထမ်း(၁)ဦးသည် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ မြို့လှ ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် မြို့လှမြို့ပေါ်ရပ်ကွက်နေ ပြည်သူများကိုလည်းကောင်း၊ ငါးကြီးကွေ့ ကျေးရွာအုပ်စု၊ ထောက်ကြံကွင်းကျေးရွာနေပြည်သူများအား စားအုန်းဆီ ဆီဝယ်ယူခွင့် စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက အဆိုပါကျေးရွာ/ ရပ်ကွက် နေပြည်သူများ၏ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှုကို သတ်မှတ်ရည်ညွှန်း ဈေးဖြင့်ရောင်းချရန်၊ ခွဲတမ်းရရှိထားသော စားအုန်းဆီရောင်းချရာတွင် အများပြည်သူများမြင်သာအောင် ဈေးနှုန်းဗွီနိုင်းချိတ်ဆွဲထားရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချရန်၊ ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းများမရှိစေရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုရန် နှင့် အိမ်ထောင်စုများအား ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီများ အရည်အသွေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။
အထက်ပါစည်းကမ်းချက်များနှင့် မှန်ကန်မှု မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေတာရှည်မြို့နယ်၊ မြို့လှဈေးအတွင်းရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် ဆီဆိုင်ပိုင်ရှင်များအား အသိပေးဆွေးနွေး ပြောကြားခဲ့ပါသည်။
DOCA(ပဲခူး)
