Main menu

စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ( ၃/၂၀၂၂ ) ကျင်းပပြုလုပ်ခြင်း

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညီလာခံခန်းမတွင် ယနေ့နံနက် (၀၉:၀၀)အချိန်၌ စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၃/၂၀၂၂)ဖွင့်ပွဲကျင်းပရာ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်၍ အဖွင့်အမှာစကား  ပြောကြားသည်။

      ဒုတိယဝန်ကြီးက ပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများသည် စားသုံးသူ ပြည်သူများ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ ဘေးကင်းလုံခြုံရေးအတွက် ရည်မှန်းထားရှိပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊  ဤသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိများသည် ကုန်ပစ္စည်းများကို ဈေးကွက်မရောက်မီနှင့် ဈေးကွက်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူနစ်နာ တိုင်ကြားမှုများ ဖြေရှင်းခြင်းနှင့် ပြည်တွင်းထုတ်ကုန်အရည်အသွေးများ မြှင့်တင်နိုင်ရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း။

      ဒါ့ကြောင့် စစ်ဆေးရေးအရာရှိများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ဤကဲ့သို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနက ရွေးချယ် ခန့်ထား သော စစ်ဆေးရေးအရာရှိ(၃၉၅)ဦးဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးပေးခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊  ယနေ့ကျင်းပပြုလုပ်သောအလုပ်ရုံဆွေးနွေးပွဲသည် ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များ မြှင့်တင်ပေးသည့် ဆွေးနွေးပွဲလည်းဖြစ်ပါကြောင်း၊ တစ်ဖက်တစ်လမ်းတွင်လည်း စားသုံးသူအခွင့်အရေးများ အကာအကွယ် အပြည့်အဝပေးနိုင်ရေးအတွက် အင်အားဖြည့်တင်းသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊

      အလုပ်ရုံဆွေးနွေးပွဲတွင် စားသုံးသူဥပဒေကိုအခြေခံသော စားသုံးသူကာကွယ်ရေးနည်းဗျူဟာများ လေ့ကျင့်ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ဌာနတွင်းဘာသာရပ်(၈)ခုနှင့် အခြားဆက်စပ်ဝန်ကြီးဌာန(၇)ခု တို့၏ သိမှတ်ဖွယ်ရာ သင်ခန်းစာများကို ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ      အတွင်းမှာ စစ်ဆေးရေးအရာရှိများအနေဖြင့် ဘေးကင်းလုံခြုံမှုမရှိသော ကုန်ပစ္စည်းများအနက် သိမ်းဆည်း သင့်သည့်ကုန်စည်များနှင့် တားမြစ်သင့်သည့် ကုန်စည်များအကြောင်းကို ခွဲခြားနိုင်ရေး ဆွေးနွေး သွားမည်ဟု သိရကြောင်း၊ စားသုံးသူနစ်နာမှု တိုင်ကြားခြင်းကိစ္စတွင်လည်း Mediationကို မှန်မှန်ကန်ကန် လုပ်နိုင်ရေး သင်ကြား ဆွေးနွေးသွားမည်ဖြစ်ကြောင်း။

      ပြင်ပဘာသာရပ်များတွင်လည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းနှင့် စားသုံးသူအငြင်း ပွားမှု ဖြေရှင်းသည့်အခါ အထောက်အကူရရှိစေခြင်းအလို့ငှာ ဆက်စပ်ဝန်ကြီးဌာနများက ကျွမ်းကျင်နည်းပြ များကို ဖိတ်ခေါ်ဆွေးနွေးစေခြင်းဖြစ်ကြောင်း၊ မိမိမကျွမ်းကျင်သည့် ဘာသာရပ်များတွင် ပြင်ပနည်းပြ များက သင်ကြားဆွေးနွေးပေးမည်ဖြစ်သဖြင့် အကျိုးကျေးဇူးများစွာ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း။

      စားသုံးသူကာကွယ်ရေးပညာရပ်သည် ဘာသာရပ်အသစ်တစ်ခုဖြစ်သည့်အတွက် အာဆီယံနှင့် အခြားနိုင်ငံများ၏ နည်းစနစ်များလေ့လာ၍ မိမိနိုင်ငံအတွက် လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း၊ အထူးသဖြင့် အာဆီယံနိုင်ငံများ၏ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ မျက်ခြေမပြတ် လေ့လာကြရန်နှင့် နယ်စပ်ဖြတ်ကျော် စားသုံးသူအငြင်းပွားမှုကိစ္စများ ဖြေရှင်းသည့်အခါ အိမ်နီးချင်းနိုင်ငံ များနှင့် လိုက်ပါဆောင်ရွက်နိုင်ရန် လေ့လာရန်လိုအပ်ကြောင်း၊ နိုင်ငံတကာတွင် စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းကို အလေးအနက်ထား ဆောင်ရွက်နေသည့်အချိန်တွင် မြန်မာနိုင်ငံအနေဖြင့်လည်း ရင်ဘောင်တန်း လိုက်ပါဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း။

      စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် အချိန်တိုတောင်း သော်လည်း ဘာသာရပ်များက အလွန်ကျယ်ပြန့်များပြားသည်ဟု သိရကြောင်း၊ ထို့ကြောင့် အလုပ်ရုံဆွေး နွေးပွဲ ပြီးဆုံးပြီးနောက်ပိုင်းတွင်လည်း စဉ်ဆက်မပြတ်လေ့လာကြရန် လိုအပ်ကြောင်း၊ စစ်ဆေးရေး မှူးများအနေဖြင့် မိမိတို့ရောက်ရှိနေသည့် နယ်မြေရှိ စားသုံးသူများ၏ လိုအပ်ချက်နှင့်အလေ့အထများ လေ့လာပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များ ပညာပေးခြင်း၊ စားသုံးသူများပညာပေး ခြင်းနှင့် စားသုံးသူအငြင်းပွားမှုများ နေရာဒေသလိုက်ပြီး ချဉ်းကပ်ပုံချဉ်းကပ်နည်း ပြောင်းလဲဆောင်ရွက် တတ်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စုစည်းခေါ်ယူဆွေးနွေး သင်ကြားပေးလိုသည့် ရည်ရွယ်ချက်ကို ယခုအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

      နိဂုံးချုပ်အနေဖြင့် ပြောကြားရာတွင် ဆွေးနွေးပွဲတက်ရောက်လာကြသည့် စစ်ဆေးရေးအရာရှိများသည် ဥပဒေ၊ နည်းဥပဒေများအပေါ် အခြေခံသော စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပွဲမှရရှိသည့် ရလဒ်များကိုအသုံးပြု၍ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းသွားပါသည်။

      စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၃/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေးအရာရှိ (၅၃)ဦး တက်ရောက်ကြပြီး နိုဝင်ဘာလ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့ထိ ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။

DOCA(Product Safety)