Main menu

 ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်ရေး တိုက်တွန်းနှိုးဆော်ဆောင်ရွက်ပေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန် ရည်ရွယ်၍ နိုဝင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်နှင့် နိုဝင်ဘာလ(၁၈)ရက်နေ့၊ နံနက် (၉:၃၀)အချိန်တွင် ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးနှင့် ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သောဝန်ထမ်း များအဖွဲ့သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပြည့်စုံစွာပါဝင်မှုရှိစေရန် ပခုက္ကူမြို့  အမှတ်(၃/၄/၅)၊ အမှတ်(၁၃/၁၄) ရပ်ကွက်နှင့် ရွှေချောင်းကွက်သစ်ရပ်ရှိ ပဲကြော်အမျိုးမျိုး၊ ကိတ်နှင့်မုန့်မျိုးစုံများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသော လုပ်ငန်းရှင်များဆီသို့ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်စေရေးအတွက် သွားရောက်၍ တိုက်တွန်းနှိုးဆော် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

          ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက် အတွင်းရှိ  မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ်  ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများပိုမိုရရှိ လာနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည် အုပ်စု(က)ရှိ အစားအသောက်တွင်  မြန်မာ ဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ် ဒဏ်များအကြောင်း သိရှိလိုက်နာစေရန်ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့တင်ပြစိစစ် လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်စေလိုကြောင်း တိုက်တွန်းနှိုးဆော် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)