
စားသုံးသူရေးရာဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင် တာဝန်ခံရုံးမှ စစ်ဆေးရေးအရာရှိများသည် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကလေးတစ်ကိုယ်ရည်သုံး ပစ္စည်းအမျိုးမျိုးအား ကုန်စုံဆိုင်၊ စတိုးဆိုင်များ နှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ပြင်ဦးလွင်မြို့ပေါ်ရှိ ကလေးတစ်ကိုယ်ရေးသုံးပစ္စည်း အမျိုးမျိုးအား ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက်စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ စစ်ဆေးခဲ့ရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်း များကိုအများဆုံးရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ခွင့်ပြုချက်၊ ထုတ်လုပ်မှု၊ အမှတ်စဉ်နှင့်ထောက်ခံချက် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော ကုန်စည်များကိုသာရောင်း ချရန်၊ ကလေးတစ်ကိုယ်ရေးသုံးပစ္စည်းနှင့်စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကိုရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
