Main menu

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယုမြို့ အခြေအနေ

Powered by Drupal

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့လေးသည် တောင်များဝိုင်းရံလျက်ရှိပြီး အေးချမ်းသောမြို့ငယ်လေးတစ်မြို့ဖြစ်ပါသည်။ မိုင်းယုမြို့၊ ရပ်ကွက်(၁)တွင် အိမ်ခြေ(၁၉၁)အိမ်၊ အိမ်ထောင်စု(၁၉၀)စုရှိပြီး ကျေးရွာအုပ်စု (၃)အုပ်စု၊ ကျေးရွာ(၁၅)ရွာဖြင့် ဖွဲ့စည်းထားသော မြို့လေး ဖြစ်သည်။ ၁၉၈၉ ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့မှစ၍ မြန်မာ့စိုက်ပျိုးရေးဌာနကို စတင်ဖွင့်လှစ် ခဲ့ပြီးနောက် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဌာန၊ ပြည်သူ့ဆေးရုံ၊ မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်း ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (စာတိုက် နှင့်ကြေးနန်း)ရုံး စသည်တို့ကို အသီးသီးဖွင့်လှစ်ခဲ့ပါသည်။

          ၂၀၀၂ ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် ဝမ်ဒေါင်လုံး၊ ဝမ်ဒေါင်နေ၊ ဝမ်ဖေါ့၊ ဝမ်နားဟွေ့ကျေးရွာ (၄)ရွာနှင့် မြို့မရပ်ကွက်တို့ကိုစုစည်းကာ မိုင်းယုမြို့ နယ်ခွဲဖွင့်ပွဲပြုလုပ်ခဲ့ပါသည်။ ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်မြေစာရင်းဦးစီးဌာနစသည့် ဌာနဆိုင်ရာရုံးများအား အသီးသီးဖွင့်လှစ်လာနိုင်ခဲ့ပြီး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများမှာ တစ်စတစ်စ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

          မိုင်းယုမြို့သည် အရှေ့လောင်ဂျီတွဒ် ၁၀၀ဒီဂရီ ၃၂မိနစ်မှ ၁၀၀ဒီဂရီ ၃၃မိနစ်အတွင်း၊ မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၂၉မိနစ်မှ ၂၁ဒီဂရီ ၃၀မိနစ် အတွင်းတည်ရှိပြီး အကျယ်အဝန်းမှာ (၁၁၂၀.၉၃၈)စတုရန်းမိုင်ကျယ်ဝန်းပါသည်။ အရှေ့မှအနောက်သို့ (၄၆)မိုင်ကျယ်ဝန်းပြီး တောင်မှ မြောက်သို့ (၁၉)မိုင်ကျယ်ဝန်းပါသည်။ မိုင်းယုမြို့သည် အရှေ့ဘက်တွင် လောနိုင်ငံ၊ အနောက်ဘက် တွင် ကျိုင်းတုံမြို့နယ်၊ တောင်ဘက်တွင် မိုင်းယောင်းမြို့နယ်နှင့်တာချီလိတ်မြို့နယ်၊ မြောက်ဘက် တွင် တရုတ်နိုင်ငံတို့တည်ရှိပါသည်။

      မိုင်းယုမြို့သည် တောင်ကုန်းတောင်တန်းများ ပေါများ၍ ညီညာပြန့်ပြူးသောလွင်ပြင် အနည်းငယ်သာရှိပြီး အလျားရှည်၍ အနံကျဉ်းမြောင်းပါသည်။ မိုင်းယုမြို့တွင် မြောက်မှတောင်သို့ စီးဆင်းသော နမ့်လွေချောင်းနှင့် အနောက်မှအရှေ့သို့စီးဆင်းနေသော နမ့်ဖွန်ချောင်းတို့တည်ရှိသည်။ ထင်ရှားသောချောင်းမှာ နမ့်လွေချောင်းဖြစ်ပြီး မြို့၏ဘေးမှတစ်ဆင့် မြောက်မှတောင်သို့ စီးဆင်း နေပါသည်။ မိုင်းယုမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ အမြင့် (၁၈၇၅)ပေအထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ ဒွန်းခရာတောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက် (၅၃၈၅)ပေ ဖြစ်ကာ မြို့၏အနိမ့်ဆုံးအရပ်ဒေသမှာ မိုင်းလွေကျေးရွာ ဖြစ်သည်။

        မိုင်းယုမြို့သည် အပူအအေးမျှတစိုစွတ်ပြီး အေးသမပိုင်းရာသီဉတုဖြစ်သည်။ တောင်ပေါ်နှင့် မြေပြန့်များတွင် အလေ့ကျပေါက်ရောက်သော အပင်များမှာ ဒေသအခေါ်အဝေါ် မိုက်ကော်၊ စကားဝါပင်၊ ဆိတ်နံကြီး၊ အုံတုံ၊ သစ်ချပင်၊ သစ်တည်၊ သစ်အယ်ပင်နှင့် ထင်းရှူးပင်များဖြစ်ပြီး ကျေးရွာများမှ မိမိတို့အိမ်သုံးလောင်စာအဖြစ် အသုံးပြုသည့် မယ်ဇလီပင်များကိုလည်း တွေ့ရပေ မည်။ မိုင်းယုမြို့ပေါ်နှင့် နယ်တစ်ဝိုက်တွင် နေထိုင်ကြသော ဒေသခံပြည်သူများမှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကိုသာ ကိုးကွယ်ကြပါသည်။ မှီတင်းနေထိုင်သော လူမျိုးများမှာ ဗမာ၊ ရှမ်းနှင့် အာခါလူမျိုးအများစု နေထိုင်ကြပြီး မွန်နှင့်ချင်းလူမျိုး အနည်းငယ် နေထိုင်ကြပါသည်။

      မိုင်းယောင်းမှမိုင်းယု ကားလမ်းမအရှည် (၁၈)မိုင်ရှိပြီး ယခင်က မြေသားလမ်းဖြစ်၍ မိုးတွင်း အခါ လမ်းများပျက်စီးပြီး အများပြည်သူသွားလာရန် ခက်ခက်ခဲခဲ ညအိပ်သွားခဲ့ရပါသည်။ ယခုအခါ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ စက်များဖြင့် လမ်းများချဲ့ထွင်ခြင်း၊ ကျောက်များ ခင်းခြင်း၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်းတို့ကြောင့် နေ့ခြင်းအသွားအပြန်သွားလာနိုင်ပြီး ယင်းထက် ပိုမိုသွားလာမှု မြန်ဆန်စေရန်လည်း ကတ္တရာလမ်းအား ခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

       မိုင်းယုမြို့ပေါ်နှင့်ကျေးရွာများမှာ ယခင်က ဆန်စပါးကိုသာ အဓိကအားထားစိုက်ပျိုးပြီး ဆောင်းသီးနှံအဖြစ် အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ကြံ၊ ရော်ဘာ၊ လက်ဖက်၊ ကော်ဖီ၊ အုန်း၊ ငှက်ပျော၊ အခြားဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကိုပါ အနည်းငယ်စိုက်ပျိုးလေ့ရှိပါသည်။ ယခုအခါ ငှက်ပျောနှင့်ရော်ဘာကိုသာ စီးပွားဖြစ် အဓိကစိုက်ပျိုးကြသည်။ ထွက်ရှိသည့် ငှက်ပျောနှင့် ရော်ဘာများကို ယခင်က အခွန်ဆောင်၍ နမ့်လွေချောင်း ကျိန်းယဲန်းတံတားကိုဖြတ်၍ အထူးဒေသ(၄) မိုင်းလားသို့ ရောင်းချရကြောင်းသိရှိရပါသည်။ (၁၉.၇.၂၀၂၁)ရက်နေ့မှစ၍ မိုင်းယု ကျိန်းယဲန်းတံတား ကို ကိုဗစ်ရောဂါကြောင့် ယနေ့ထိ ရက်အကန့်အသတ်မရှိ (ယာယီ)ပိတ်ထားသည့်အတွက် ရော်ဘာ များကို မိုင်းယု၊ မိုင်းယောင်းဒေသ၊ ကျိုင်းလပ်ဒေသ ကုန်သည်များမှ ကြိုက်ရောင်းကြိုက်ဝယ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ ဒေသထွက်ငှက်ပျောမှာ ထွက်ရှိမှုမရှိသေးကြောင်း သိရှိရပါသည်။

          မိုင်းယုတွင် ယခင်က ကျွဲ၊ နွား၊ မြင်း၊ ဝက်၊ ဘဲ၊ ငါးတို့ကို တပိုင်တနိုင် မွေးမြူကြပြီး စီးပွားဖြစ် မွေးမြူခြင်းမရှိကြောင်း သိရှိရပါသည်။ ကျွဲများကို လယ်ယာသုံးလုပ်ငန်းခွင်၌အသုံးပြုကြပြီး နွားများ ကို အလှူပွဲနှင့်စားသောက်ရန်အတွက်သာ မွေးမြူထားခြင်းဖြစ်ပါသည်။ လက်ရှိကာလတွင် အလှူပွဲ နှင့်စားသောက်ရန်အတွက်သာမကဘဲ စီးပွားဖြစ်တစ်ဦးတစ်လေ နွားများကို တပိုင်တနိုင် မွေးမြူ လာကြကြောင်း သိရှိရပါသည်။ မိုင်းယုမြို့၏အနောက်ဖက် ဝမ်တာကြန့်ကျေးရွာအနီးတွင် ရွှေအနည်း ငယ် ထွက်သည်ဟု သိရှိရပါသည်။

       သို့ဖြစ်ပါ၍ မိုင်းယုမြို့ရှိ ဒေသခံကျေးလက်တောင်သူများအနေဖြင့် သဘာဝကပေးသော နွေ၊ မိုး၊ ဆောင်း ရာသီကောင်းမွန်ခြင်းကြောင့် ဘိုးဘွား၊ မိဘများ၏ လက်ငုတ်လုပ်ငန်း ဖြစ်သည့် လယ်ယာစိုက်ပျိုးသည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိကြပြီး ရေရှည်၌ ဖွံ့ဖြိုးတိုးတက်လာမည့် မြို့ငယ်လေးတစ်မြို့ဖြစ်လာမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA (ရှမ်း)