
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့(World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားကို မတ်လ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က စားသုံးသူများ၏ အကျိုးစီးပွားကို ပိုမိုအာရုံ စိုက်မိလာစေရန်နှင့် စာသုံးသူများ၏ အခွင့်အရေးများကို အလေးထား လိုက်နာအကောင်အထည် ဖော်နိုင်စေရန်ရည်ရွယ်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့ (Consumer International – CI)က ကမ္ဘာ့နိုင်ငံများတွင် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်ပြီး အလေးအနက်ထား ဆောင်ရွက်နိုင်ရန်အတွက် နှစ်စဉ်ဆောင်ပုဒ်တစ်ရပ်ကို သတ်မှတ်ထုတ်ပြန် ပေးလျက်ရှိရာ ယခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်မှာ “ထုတ်ကုန်ဘေးကင်း လုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ” (Safe Products, Confident Consumer)ဟု သတ်မှတ် ပေးခဲ့ကြောင်း၊ ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူ ဘဝဆိုသည်မှာ အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူ သုံးဦးသုံးဖလှယ်ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ ထုတ်လုပ်သူဘက်က စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်မှုရှိခြင်း၊ စားသုံးသူ ဘက်က အသိပညာနှင့်သတိရှိခြင်း၊ အစိုးရဘက်က ဥပဒေနှင့်အညီ ထိန်းကျောင်းပေးခြင်းတို့ ပေါင်းစပ်လိုက်ပါက ဘေးကင်းစိတ်ချရသော ဘေးကင်းစိတ်ချရသော လူမှုပတ်ဝန်းကျင်ကို တည်ဆောင်နိုင်မည်ဖြစ်ပြီး ဘေးကင်းမှု ရှိလာသည်နှင့်အမျှ စားသုံးသူများ၏ ယုံကြည်မှုသည်လည်း မြင့်မားလာကာ နိုင်ငံတော်၏ စီးပွားရေးသည်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိစေနိုင်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထိုနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဗီဒီယိုကလစ်ကို ဖွင့်လှစ်ပြသပြီး ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက် များကိုရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားတက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် စားသုံးသူအသိပညာပေးပြခန်းနှင့် ရှမ်းပြည်နယ်အတွင်း ဒေသထွက်ကုန်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါတယ်။DOCA(ရှမ်း)
