Main menu

တောင်ငူမြို့တွင် MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲနှင့် ကုန်စည်ပြပွဲကျင်းပ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ကြီးမှူးကျင်းပသည့် MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲနှင့် ကုန်စည်ပြပွဲကို နိုဝင်ဘာလ (၃၀)ရက်နေ့က တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ Machine City Co.,Ltd က ၎င်းတို့ ကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချသည့် Packaging Machine များနှင့် ဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များက မိမိတို့ထုတ်လုပ်သည့် စားသောက်ကုန်နှင့် အခြား ကုန်စည်များကို ပြသရောင်းချကြပါသည်။

              အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အဖွင့်အမှာ စကားပြောကြားပြီး ခန်းမဝင်းအတွင်း ခင်းကျင်းပြသရောင်းချလျက်ရှိသည့် ထုတ်ပိုးမှုစက်ပစ္စည်း အမျိုးမျိုး၊ ဒေသထွက်ကုန်များဖြစ်သော စားသောက်ကုန်ပစ္စည်းများ၊ သစ်/ဝါးအခြေခံ လက်မှုပစ္စည်း များ၊ ယိုမျိုးစုံလုပ်ငန်း၊ ပြည်ပနိုင်ငံသို့ တင်ပို့နေသည့် ပေါင်းခံသီဟိုစေ့နှင့် ကော်ဖီမှုန့်ထုတ်ကုန် ပစ္စည်းများနှင့် သံဇကာ၊ အုတ်ဘလောက်တုံးပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။

              ဆက်လက်၍ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဌာန ၊ ဝန်ကြီး ဦးတင်ဦးက ဦးဆောင်ဆွေးနွေးပြီး အသေးစား စက်မှု လုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇင်ထွန်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ SME ဌာနမှူး ဒေါ်စောမာမာဝင်း၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ၊ မြန်မာ့စီးပွားရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာ ဒေါ်ပပကျော်၊ Machine City Co.,Ltd မှ ဦးရဲမြင့်ဦး၊ တောင်ငူမြို့မှ ဖိုးလမင်းကော်ဖီထုတ်လုပ်မှုလုပ်ငန်းရှင် ဒေါ်တင်တင်ဝင်းနှင့် အေဝမ်း မုန့်ဖတ်ခြောက်လုပ်ငန်းရှင် ဒေါ်အေမီမောင်တို့က ပါဝင်ဆွေးနွေးကြပါသည်။

              ထို့နောက် တက်ရောက်လာသည့် MSMEs လုပ်ငန်းရှင်များ၏ ကြုံတွေ့နေရသည့် အခက်အခဲများ တင်ပြရာ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပံ့ပိုးကူညီ ဆောင်ရွက် ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားကြပါသည်။ အခမ်းအနားမစတင်မီ Machine City Co.,Ltd မှ ဦးရဲမြင့်ဦးက ၎င်းတို့ကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချသည့် Packaging Machine များ အကြောင်းကို လုပ်ငန်းရှင်များအား ရှင်းလင်းပြသခဲ့ပါသည်။

              အခမ်းအနားသို့ တောင်ငူခရိုင်အတွင်းမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်းအင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်းနှင့် Machine City Co.,Ltd က Packaging Machine ပြခန်း လေးခန်းနှင့် ဒေသတွင်းရှိ MSMEs လုပ်ငန်းရှင်များက ဒေသထွက်ကုန်ပြခန်း ၂၂ ခန်း စုစုပေါင်း ပြခန်း ၂၆ ခန်း ပြသရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)