Main menu

(၃၂) ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေးအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း

Powered by Drupal

          (၃၂) ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်း အနားကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ရန်ကုန်မြို့၊ Chatrium Hotel ၌ ၂၀၂၆ ခုနှစ် မေလ ၁၈ ရက် နံနက် ၀၉:၀၀ နာရီတွင် ကျင်းပရာ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အပါအဝင် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း (၂၄) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါအခမ်းအနား၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် (၃၂) ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့၌ အိမ်ရှင် အဖြစ်  လက်ခံကျင်းပရသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ (၁၆) ကြိမ်မြောက် အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ၂၀၁၇ ခုနှစ် တွင် ပထမအကြိမ် လက်ခံကျင်းပခဲ့ပါကြောင်း၊ လူဦးရေ သန်း ၆ဝဝ ကျော်ရှိသည့် အာဆီယံဒေသ အတွင်းတွင် ဒီဂျစ်တယ်စီးပွားရေးစနစ် တစ်ရှိန်ထိုးပြောင်းလဲလာမှုကြောင့် တိုးတက်ပြောင်းလဲမှုများ နှင့်အတူ စိန်ခေါ်မှုများလည်းရှိပါကြောင်း၊ ထို့ကြောင့် စားသုံးသူများအနေဖြင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှုနှင့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများတွင် စားသုံးသူစွမ်းဆောင်ရည်ပြည့်ဝ ရန် လိုအပ်လျက်ရှိကြောင်း၊ အာဆီယံနိုင်ငံများအကြား စည်းမျဉ်းမူဘောင် ကွာဟမှုများကို ဖြည့် ဆည်းပေးနိုင်ရန်၊ နိုင်ငံဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ရန်နှင့် စားသုံးသူများအနေဖြင့် အခြားအာဆီယံနိုင်ငံတစ်ခုက ထုတ်ကုန်များကို ပြည်တွင်း၌ ဝယ်ယူသည်ဖြစ်စေ၊ အွန်လိုင်းမှ တစ်ဆင့်ဝယ်ယူသည်ဖြစ်စေ လုံခြုံစိတ်ချရမှုရှိစေရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကနေဒါ နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၊ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ အဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့၏ ကူညီထောက်ပံ့ပေးမှုဖြင့် ကြော်ငြာနှင့်ဈေးကွက်၊ ကိန်းဂဏန်း သတင်းအချက်အလက် ကာကွယ်ထိန်းသိမ်းမှုကဏ္ဍများတွင် သင်ခန်းစာများရေးဆွဲပြုစုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

          အဆိုပါ (၃၂) ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံစားသုံးသူကာကွယ်ရေး ကော်မတီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာ လုပ်ငန်းစီမံချက် (၂ဝ၂၆-၂ဝ၃ဝ) ပါ လုပ်ငန်းစဉ်များ၊ အာဆီယံနိုင်ငံများ၏ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု လုပ်ငန်းများ၊ အွန်လိုင်းအငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ် တည်ထောင်မှုအခြေအနေများနှင့် စားသုံးသူ စွမ်းဆောင်မှုမြင့်မားရေးအတွက် အရင်းအမြစ်တည်ဆောက်ရေးဆိုင်ရာ နည်းပညာအကူအညီပေးမှု ကိစ္စရပ်များကို အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။