စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသော စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်လာစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ(၁၂)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ ယောဝရပ်ကွက်ရှိ ပဲကြော်လုပ်ငန်းရှင်၊ စိန်နန်းတော်မုန့်မျိုးစုံနှင့် ပဲချောင်းလုပ်ငန်းရှင်များထံသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းနိုင်ရေး လုပ်ငန်းခွင်သို့သွားရောက် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းနှင့် ဈေးကွက်အတွင်းရှိ မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ် ကင်းရှင်းစေပြီး အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်း တို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါ် ယုံကြည်မှုများရရှိလာပြီး အကျိုး စီးပွားများ ပိုမိုရရှိလာမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြား ချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(က)ရှိ အစားအသောက်တွင် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပါတ်သက်သည့် ဥပဒေပြဌာန်းချက်များ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ သိရှိလိုက်နာစေရန် ဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ တွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်သဖြင့် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်စေလိုကြောင်း အသေးစိတ်အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
DOCA(မကွေး)