Main menu

ကယားပြည်နယ် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

Powered by Drupal

    ကယားပြည်နယ် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၉) နာရီအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

       ရှေးဦးစွာ ကယားပြည်နယ် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်ရေးသည် အဓိကအရေးကြီးကြောင်း၊ မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးပြီးရရှိလာသည့်စာရင်းကိုအခြေခံကာမှန်ကန်သည့် မဲစာရင်း ရရှိရေးနှင့် မသန်စွမ်းအမျိုးအစားအလိုက် စာရင်းကိုလည်း တစ်ပါတည်းကောက်ယူ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်ပို့ချသည့် သင်တန်းတွင် သင်တန်းသားများအနေဖြင့် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သေချာစွာနားလည်သိရှိသဘောပေါက်ရန်နှင့် အထူးဂရုပြုမှတ်သားကြရန်လိုအပ်ကြောင်း၊ မြေပြင်ရှိလူဦးရေစာရင်းအမှန်ကို ကွင်းဆင်း ကောက်ယူရာတွင်  လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အဆင့်အလိုက်စီမံချက်ရေးဆွဲ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊  လုပ်ငန်းပမာဏများပြားသည့်အတွက် အချိန်တိုအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်၍ လုပ်ငန်းတိကျမှန်ကန် မြန်ဆန်အောင် အလေးနက်ထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

     ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဝင်းဦးက မြေပြင်ကွင်းဆင်း ကောက်ယူရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဗဟိုအဆင့် နည်းပြသင်တန်း တက်ရောက်ခဲ့သူ ဘောလခဲခရိုင်မှူး ၊ ဒုတိယညွန်ကြားရေးမှူး ဦးသက်ခိုင်က သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

       ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။

  ၎င်းနောက် သင်တန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ သင်ကြားပို့ချရာပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဝင်းဦးက မြေပြင်ကွင်းဆင်းကောက်ယူရေးစီမံချက်သင်တန်းဆိုင်ရာများ၊ ဖွဲ့စည်းပုံနှင့်တာဝန်များကို ရှင်းလင်းဆွေးနွေးပြီး သင်တန်းနည်းပြများက သင်ခန်းစာများကို ရှင်းလင်းပို့ချ ပေးကြသည်။

     အဆိုပါ သင်တန်းကို ဒီဇင်ဘာ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပို့ချပေးသွားမည်ဖြစ်ပြီး ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသား ၂၀ ဦးတက်ရောက်ခဲ့ကြကြောင်း ၊ ပြည်နယ်အဆင့်နည်းပြများက ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်များတွင် မြို့နယ်အဆင့်ဆင့်ပွား သင်တန်းများ ဆက်လက်ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

DOCA(ကယား)